အလှပဆုံးသောအရာများနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ့နိုင်ငံကြီးများ (၂)

အလှပဆုံးသောအရာများနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ့နိုင်ငံကြီးများ (၂)

ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယနိုင်ငံတို့ဟာ ကမ္ဘာပေါ်ကအလှဆုံးသောနိုင်ငံကြီးများအဖြစ် အစဉ်အတိုင်း ရပ်တည် နေကြကြောင်းကို ဖော်ပြခဲ့ပြီးပါပြီ။

အခုဆက်လက်ပြီးဖော်ပြသွားမယ့်နိုင်ငံတွေက အဆင့်သတ်မှတ်ချက်အရ ကနေဒါ၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့ရဲ့ အောက်မှာ ရှိနေပေမယ့်လည်း အဲဒီနိုင်ငံတွေထက်မလျော့တဲ့ သဘာဝအလှအပတွေကို ပိုင်ဆိုင်ထားကြတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

အဲဒီနိုင်ငံတွေကတော့ ဘရာဇီး၊ ကော့စတာရီကာ၊ အီတလီနဲ့ တောင်အာဖရိကတို့ပဲဖြစ်ပါတယ်။ ဒီအတွက် အဲဒီနိုင်ငံတွေမှာ ဘယ်လိုမျိုးအလှအပတွေရှိတယ်ဆိုတာကို ဆက်လက်ရေးသားဖော်ပြပေးသွားပါမယ်။

ဘရာဇီး

ကုန်းမြေထုပမာဏအားဖြင့် ကမ္ဘာပေါ်မှာ ပဉ္စမမြောက်အကြီးဆုံးသောနိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံဟာ ကုန်းမြေထု ပမာဏ စတုရန်း ကီလိုမီတာ ၈ သန်းခွဲကိုပိုင်ဆိုင်ထားပါတယ်။ ဒီလိုကြီးမားလှတဲ့ဘရာဇီးနိုင်ငံက ကမ္ဘာပေါ်မှာသဘာဝအလျောက် ဖြစ်တည်နေတဲ့ အံ့ဖွယ်ခုနစ်ပါးအနက် တစ်ပါးဖြစ်တဲ့ ရီယိုဒီဂျနေးရိုး ဆိပ်ကမ်းကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။

အသက်ရှူမှားလောက်တဲ့ဒီဆိပ်ကမ်းက သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ဖြစ်ပြီး လှပတဲ့ဘရာဇီး နိုင်ငံအတွက် ရင်သပ်ရှုမောဖွယ်ရာကမ်းရိုးတန်းကို ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ဗိသုကာပညာအရအံ့ဖွယ်ရုပ်တုတစ်ခုဖြစ်တဲ့ ခရစ်တော် ရုပ်တုကြီးကလည်း ရီယိုဒီဂျနေးရိုးဆိပ်ကမ်းမှာ ထင်ထင်ရှားရှားတည်ရှိနေတာဟာ ဘရာဇီးနိုင်ငံရဲ့ အလှကိုအားဖြည့် ပေးနေပြန်ပါသေးတယ်။

နောက်တစ်ချက်ထူးခြားတာက ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲများ အများဆုံးတည်ရှိနေထိုင်ရာ နေရာတစ်ခု ဖြစ်နေခြင်းပါပဲ။ ဒီအတွက်ကြောင့် မြောက်မြားလှစွာသောအပင်နဲ့တိရစ္ဆာန်မျိုးစိတ်တွေဟာဘရာဇီးနိုင်ငံမှာတည်ရှိပါတယ်။ ကမ္ဘာပေါ်ကအလှဆုံးသောကမ်းခြေအဖြစ်ရွေးချယ်ခြင်းခံရတဲ့ ဆန်းချိုကမ်းခြေဟာလည်း ဘရာဇီးနိုင်ငံမှာသာတည်ရှိပါတယ်။

ကမ္ဘာကြီးရဲ့ အဆုတ်လို့တင်စားရလောက်တဲ့ အမေဇုန်မိုးသစ်တောရဲ့ တစ်စိတ်တစ်ဒေသကို ဘရာဇီးနိုင်ငံက ပိုင်ဆိုင်ထားပါသေး တယ်။တောတောင်တွေထူထပ်တာနဲ့အမျှ တောင်ကုန်းတောင်တန်းတွေရဲ့အလှအပတွေထဲကတစ်ခုဖြစ်တဲ့ ရေတံခွန်တွေဟာလည်း ဘရာဇီးနိုင်ငံမှာ အလွန်တရာမှများပြားလှပါတယ်။

 ကော့စတာရီကာ

ကုန်းမြေထုပမာဏအားဖြင့် စတုရန်းကီလိုမီတာ ၅၁၁၀၀ သာရှိတဲ့ ကော့စတာရီကာနိုင်ငံဟာ ကမ္ဘာ့အလှဆုံးနိုင်ငံများ စာရင်းဝင်နေရတာ အကြောင်းမဲ့မဟုတ်ပါဘူး။ လွန်စွာလှပတဲ့သဘာဝရှုခင်းတွေကိုပိုင်ဆိုင်ထားတဲ့ ကော့စတာရီကာနိုင်ငံဟာ ဇီဝမျိုးစုံ မျိုးကွဲများစွာပျော်စံရာနေရာတစ်ခုဖြစ်ပါတယ်။

မိုးသစ်တောနဲ့အပူပိုင်း အမြဲစိမ်းသစ်တောတွေရှိရာ ကော့စတာရီကာနိုင်ငံမှာ တောင်ကုန်းတောင်တန်းတွေအပြင် မီးတောင်တွေ လည်းတည်ရှိပါတယ်။ ပျမ်းမျှအားဖြင့် မီးတောင်အလုံးပေါင်း ၂၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ရေတံခွန်တွေနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုမြင်ကွင်းတွေဟာလည်း လွန်စွာမှကိုပေါများလှပါတယ်။

ကော့စတာရီကာနိုင်ငံမှာအပေါဆုံးကတော့ ကမ်းခြေတွေလို့ပြောရလောက်အောင်ကို အတ္တလန္တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာဘက်တို့မှာ ကမ်းခြေတွေများစွာတည်ရှိပါတယ်။ အဲဒီကမ်းခြေတွေဟာ ခရီးသွားဧည့်သည်တွေ အတွက်သာမက လိပ်တွေကဲ့သို့ တောရိုင်း တိရစ္ဆာန် တွေအတွက် အနားယူရာနေရာတွေအဖြစ်တည်ရှိနေပါတယ်။အမျိုးသားဥယျာဉ်ပေါင်း ၃၀ ကျော်ရှိတဲ့ ကော့စတာရီကာ နိုင်ငံရဲ့အစိုးရနဲ့ ပြည်သူတွေက သူတို့ရဲ့လှပတဲ့ နိုင်ငံကြီးကို ထိန်းသိမ်းဖို့အရေးကြီးကြောင်းကို ကောင်းကောင်းကြီး သိရှိနားလည် ထားတာနဲ့အမျှ ဂေဟခရီးသွားလုပ်ငန်းနဲ့သဘာဝကိုထိန်းသိမ်းဖို့က သူတို့အတွက် ရှေ့တန်းတင်ဦးစားပေးအရာဖြစ်နေတာကိုလည်း ဝမ်းမြောက်ဖွယ်ရာတွေ့ရပါတယ်။

အီတလီ

ကမ္ဘာပေါ်မှာအလှဆုံးသောနိုင်ငံက အီတလီနိုင်ငံဖြစ်တယ်ဆိုပြီး လူအများစုထင်မှတ်ထားကြပါတယ်။ သူတို့ရဲ့ထင်မြင်ယူဆ ချက်ကလည်း မှားတော့မမှားပါဘူး။

အကြောင်းရင်းကတော့ အခုလိုကမ္ဘာ့အလှဆုံးနိုင်ငံကြီးများ စာရင်းဝင်တခြားနိုင်ငံတွေလိုမျိုးပဲ အီတလီနိုင်ငံသည်လည်း စပျစ်ခြံတွေမှသည် နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ တောင်ကုန်းတောင်တန်းတွေနဲ့ နှင်းဖုံးတောင်တွေအထိပါဝင်တဲ့ ရှုမျှော်ခင်းတွေ ကိုပိုင်ဆိုင်ထားလို့ဖြစ်ပါတယ်။

အီတလီနိုင်ငံရဲ့ အလှအပကတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေနဲ့ သူတို့ရဲ့ခမ်းနားလှတဲ့ သမိုင်းကြောင်း တွေပါပဲ။ အီတလီနိုင်ငံရဲ့အလှအပအကြောင်းကိုပြောရမယ်ဆိုရင် ရောမခေတ်အားကစားကွင်း၊ ပီဆာမျှော်စင်၊ ဗင်းနစ် တူးမြောင်းနဲ့ ဖလောရင့်မြို့တို့က မပါမဖြစ်အကြောင်းအရာတွေဖြစ်ပါတယ်။

ဒီလိုရှေးကျလှတဲ့ အဆောက်အအုံတွေနဲ့ ရင်သပ်ရှုမောရတဲ့ မြေရာရှုခင်းအလှအပတွေက အီတလီနိုင်ငံကို ကမ္ဘာ့အလှဆုံး နိုင်ငံစာရင်းဝင်အောင် ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ်။

 တောင်အာဖရိက

တောင်အာဖရိကလို့ပြောလိုက်ရင် လူတွေအများဆုံးပြေးမြင်ကြတာက ကျတ်တီးလွင်ပြင်တွေနဲ့ တောတွင်း လူသားမျိုး နွယ်စုတွေဖြစ်ပါလိမ့်မယ်။

တကယ်တမ်းကျတော့ တောင်အာဖရိကနိုင်ငံဟာ အံ့ဖွယ်အရာတွေနဲ့အလှအပတွေပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်ပြီး ဒီအချက်ကို လူတော်တော်များများကမသိကြပါဘူး။ တောင်အာဖရိကနိုင်ငံရဲ့ အနောက်ဘက်ခြမ်းတစ်လျှောက်မှာ လွန်စွာလှပတဲ့ ကမ်းခြေတွေ များစွာ တည်ရှိပါတယ်။ တချို့ဒေသတွေမှာဆိုရင် စပျစ်ခြံတွေကိုတောင်မှ မြင်တွေ့နိုင်ပါသေးတယ်။

အဲဒီနိုင်ငံရဲ့နာမည်အကျော်ကြားဆုံးနေရာကတော့ ဂွတ်ဟုပ်အငူပါ။ သူက နိုင်ငံအနောက် တောင်ပိုင်းမှာတည်ရှိပြီး အဲဒီအငူနဲ့ပ တ်သက်လို့ လွန်စွာရှည်လျားတဲ့သမိုင်းကြောင်းလည်းရှိပါတယ်။

ကိပ်တောင်းမြို့ကိုစိုးမိုးနေတဲ့ တေဘယ်တောင်တန်းကြီးကလည်း တစ်မျိုးတစ်ဖုံလှပနေသလို တောင်အာဖရိကနိုင်ငံအတွက် အလှအပတွေကို ဖန်တီးပေးနေတာတွေကတော့ သစ်တောတွေ၊ ရေကန်တွေနဲ့ ပေါများလှတဲ့သဘာဝနဲ့ တောရိုင်းတိရစ္ဆာန် တွေပဲဖြစ်ပါတယ်။

တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် တချို့သောတိရစ္ဆာန်တွေဟာ တောင်အာဖရိကဒေသမှာပဲ ရှင်သန်ကျက် စားကြတဲ့အတွက် သူတို့ဟာအလွန်ရှားပါးတဲ့သဘာဝအလှအပတွေဖြစ်နေပါတော့တယ်။

ထက်မြတ်