တရုတ်(တိုင်ပေ)ရှိ တစ်ယူသန်နိုင်ငံရေးသမားများကိုအရေးယူအပြစ်ပေးမည်ဟု တရုတ်ကတိပြု

ပေကျင်း၊ ပြည်တွင်းရေး

တရုတ်(တိုင်ပေ)ရှိ တစ်ယူသန်နိုင်ငံရေးသမားများကိုအရေးယူအပြစ်ပေးမည်ဟု တရုတ်ကတိပြု

တရုတ်(တိုင်ပေ)ရှိ တစ်ယူသန်နိုင်ငံရေးသမားများကို အရေးယူအပြစ်ပေးမည်ဟု တရုတ်အစိုးရကကတိပြုကာ ထိုနိုင်ငံရေးသမား အများအပြားကို   ပြည်မကြီးသို့လာရောက်လည်ပတ်ခွင့်တားမြစ်သွားမည်ဟု ပြောကြောင်းသိရသည်။

တရုတ်အစိုးရနှင့် တရုတ်(တိုင်ပေ)တို့ကြား ဆက်ဆံရေးမှာ ဆယ်စုနှစ်များစွာအတွင်း  အတင်းမာဆုံးအခြေအနေသို့ ရောက်ရှိနေစဉ် တရုတ်အစိုးရ၏ကတိပြုချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်ပြည်မကြီးအနေဖြင့် တရုတ်(တိုင်ပေ) လွတ်လပ်ရေးအတွက် ကြိုးပမ်းသည့် တစ်ယူသန်နိုင်ငံရေးသမားများကို ဥပဒေကြောင်းအရ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း ပေကျင်းမြို့ရှိ တရုတ် (တိုင်ပေ)ရေးရာရုံးက နိုဝင်ဘာ ၅ ရက်တွင် သတိပေးထားသည်။

တရုတ်အစိုးရကသတ်မှတ်ထားသည့် တစ်ယူသန်နိုင်ငံရေးသမားများ အမည်စာရင်းတွင် တရုတ်(တိုင်ပေ)ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်ကြောင်း တရုတ်(တိုင်ပေ)ရေးရာရုံးမှပြောရေးဆိုခွင့်ရှိသူကျူဖန်းလျန်ကပြောသည်။

အဆိုပါနိုင်ငံရေးသမားများသည် ပြည်မကြီးနှင့် တရုတ်(တိုင်ပေ)တို့ကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပေါ်စေရန် မြှောက်ထိုးပင့်ကော် လုပ်နေကြောင်း၊ ပြည်မကြီးကို ဖျက်လိုဖျက်ဆီး တိုက်ခိုက်မှုနှင့် အသရေဖျက်မှုများ လုပ်ဆောင်နေကြောင်းနှင့် ထိုလုပ်ရပ်များ ကြောင့် နှစ်ဖက်ဆက်ဆံရေးကို  ဆိုးဆိုးဝါးဝါးပျက်စီးစေကြောင်း ကျူဖန်းလျန်ကဆက်ပြောသည်။

ထို့ပြင် အဆိုပါနိုင်ငံရေးသမားများနှင့်၎င်းတို့၏ မိသားစုဝင်များကို ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတို့သို့ ဝင်ရောက် သွားလာခွင့်တားမြစ်ထားကြောင်း၊ ၎င်းတို့အပေါ်  သစ္စာခံသူများအနေဖြင့်လည်း ပြည်မကြီးရှိအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းများ   ပူးပေါင်းဆောင်ရွက်ခွင့်မရှိကြောင်း  တရုတ်(တိုင်ပေ)ရေးရာရုံး၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

တရုတ်(တိုင်ပေ)၏  ဒီမိုကရေစီအရေသည် ကာကွယ်စောင့်ရှောက်ရမည့်အဖိုးတန်ရတနာဖြစ်ကြောင်းနှင့် ၎င်းင်းတို့နှင့် အတူရပ် တည်သွားမည်ဖြစ်ကြောင်း တရုတ်(တိုင်ပေ)သို့ လာရောက်လည်ပတ်သည့် ဥရောပလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်း ဆောင်က ပြောပြီးနောက် တရုတ်ပြည်မကြီး၏ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post