အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ၏ (၁/၂ဝ၂ဝ) အစည်းအဝေး ကျင်းပ

နေပြည်တော်    သြဂုတ်   ၅

အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ၏ (၁/၂ဝ၂ဝ)အစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီဥက္ကဋ္ဌဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ ဒုတိယဥက္ကဋ္ဌ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင်၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ဦးစိုးအောင်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ ပါမောက္ခချုပ်များ ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ နည်းပညာ ပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(ဗဟို)တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက  သိပ္ပံ၊ နည်းပညာနှင့်  ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်    ''သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေ''ကို ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ''သိပ္ပံ၊ နည်းပညာနှင့်   ဆန်းသစ်တီထွင်မှုနည်းဥပဒေ''ကို အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း (Science,Technology and Innovation-STI)များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်''အမျိုးသားအဆင့် မူဝါဒများ''နှင့် ''လုပ်ငန်းမူဘောင်များ'' ရေးဆွဲနိုင်ရေး အတွက်  ကုလသမဂ္ဂ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific-UNESCAP)နှင့် ပူးပေါင်း ကာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး Organization for Economic Co-operation and Development (OECD)၏ မိတ်ဖက်လည်း ဖြစ်သည့်အတွက်  "United Nation(UN)နှင့် OECD"တို့၏ STI သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်နှင့် OECD  က နှစ်အလိုက် ထုတ်ပြန်ထားသည့် STI Outlook နှင့်လည်း ကိုက်ညီရန် လိုအပ်ကြောင်း။

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာကော်မတီရှစ်ခု၏  အမည်များနှင့် အဖွဲ့ဝင်အမည် စာရင်းများကို ရရှိပြီးဖြစ်သည့်အတွက် ယခုအစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ချက် ရယူကာ ဆက်လက်ဆောင်ရွက် သွားရမှာဖြစ်သလို သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည့် ကော်မတီများ ထပ်မံဖွဲ့စည်းနိုင်ရေး ဆွေးနွေးအကြံပြု ပေးကြရန်ပြောကြားလိုကြောင်း၊ ထို့ပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ''လုပ်ငန်းကော်မတီများ'' ထပ်မံဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် "ASEAN Plan of Action on Science,Technology and Innovation(2016-2025)" ၏ရည်မှန်းချက်များနှင့် အကောင်အထည်ဖော်မှု အစီအစဉ်များကို အခြေခံ၍ မိမိတို့၏ ကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလအပိုင်းအခြားအလိုက် အကောင် အထည်ဖော် ဆောင်ရွက်မည့်     "Work Plan"များ၊ "Vision and Goals"တို့ကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကော်မတီ အသီးသီးက ရရှိလာသော "Work Plan"များနှင့် "Vision and Goals"များကို စုစည်းပြီး "National STI Action Plan and Implementation Plan"ရေးဆွဲနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

နည်းပညာများကို ''တီထွင်ဖန်တီးသူ''နှင့် ''ရင်းနှီးမြှုပ်နှံသူ''များအကြား တန်ဖိုးခွဲဝေ ရယူနိုင်မှုရှိမှသာ အချင်းချင်း အကျိုးခံစားခွင့်များရှိလာပြီး တီထွင်ဖန်တီးသူများလည်း တိုးတက်များပြား လာမည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း တိုင်းပြည်၏စီးပွားကို မြှင့်တင်ရာရောက်မည်ဖြစ်ကြောင်း။

နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ ပိုမိုတိုးတက် များပြားလာစေရန် အခြေခံပညာအဆင့်ကစတင်၍  အသိပညာပေးနိုင်ရန် စီမံဆောင်ရွက်နေခြင်းသည်လည်း STI ၏ အခြေခံလုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ရှာဖွေတွေ့ရှိထားသည့် နည်းပညာနှင့် တီထွင်မှု (Invention)များကို ကာကွယ်မှုနှင့် တန်ရာတန်ကြေး ရရှိစေနိုင်ရန် ဆောင်ရွက်ပေးခြင်းသည်လည်း STI ၏ လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ ယခုလိုကာကွယ်မှုများ ပေးနိုင်ရန်အတွက် ''အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ''ကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ ''နည်းပညာ လွှဲပြောင်းခြင်း''နှင့် ''မူပိုင်ခွင့်မျှဝေ သုံးစွဲခြင်း''တို့ အသက်ဝင်လာအောင် ဆောင်ရွက်မည့် တီထွင်သူနှင့်သုံးစွဲသူ(လုပ်ငန်းရှင်)အကြား ဆက်သွယ်ပေးမည့် ''ကြားခံအဖွဲ့အစည်း''လိုအပ်ကြောင်း၊  နိုင်ငံတကာတွင် TechnologyTransfer Office  သို့မဟုတ် Technology Transfer Center များ ထူထောင်ပြီး ဆောင်ရွက်နေသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့်လည်း နည်းပညာ လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းများကို ''ဥပဒေအရ တာဝန်ရှိသော တာဝန်ခံဦးစီးဌာန''က ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ သုတေသနပြုလုပ်သူ အနေဖြင့် အကာအကွယ်ရရှိပြီး လုပ်ငန်းရှင်များ၏ နည်းပညာ လိုအပ်မှုများကို လျင်မြန်တိကျစွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ တီထွင်ဖန်တီးသည့် မည်သူကိုမဆို ၎င်း၏တီထွင် ဖန်တီးမှုအတွက်  ထိုက်တန်သည့် အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်ကြောင်း။

ယခုလို တီထွင်ဖန်တီးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ထင်သာမြင်သာဖြစ်အောင် တက္ကသိုလ်များ၊ ကောလိပ်များနှင့် ကျောင်းများတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲများ ကျင်းပပေးခြင်းအားဖြင့် တီထွင်ကြံဆ ဖန်တီးမည့်သူများ ပိုမိုများပြားလာမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုပြပွဲ၊    ပြိုင်ပွဲများနှင့် ဟောပြောပွဲများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင် များကို ''နည်းပညာအသစ်များ အသုံးချနိုင်ရေး'' နှင့် ''လိုအပ်သည့် နည်းပညာများကို လွှဲပြောင်းရယူနိုင်ရေး'' စသည့် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်ပေး သွားရမည်ဖြစ်ပြီး ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပိုမိုများပြားလာပါက နည်းပညာနှင့် တီထွင်ကြံဆမှုများ အားကောင်းလာနိုင်သည့် အတွက် တီထွင်သူများ၏ ''နည်းပညာများကို ကာကွယ်ပေးခြင်း'' နှင့် ''နည်းပညာ လွှဲပြောင်းခြင်း''များကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

အားလုံးပါဝင်နိုင်သည့်    မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီ စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်ရေး အတွက် ''သိပ္ပံနှင့် နည်းပညာကဏ္ဍဖြင့် သယ်ပိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းများ'' ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင်   ''အရည်အသွေး မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးမြူခြင်း''၊ ''အောင်မြင်သည့် သုတေသနများအား စီးပွားဖြစ် အကောင်အထည်ဖော်ခြင်း''၊ ''အခြေခံသုတေသနများမှ အသုံးချသုတေသနများအထိ သုတေသနကွန်ရက်များ ဖော်ဆောင်ခြင်း''၊ ''နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း''၊ ''တီထွင်ကြံဆမှု၊ ဖန်တီးမှုများ တိုးမြှင့်နိုင်သည့် စနစ်တစ်ခုကိုချမှတ်ခြင်း'' တို့ကို  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ထို့ပြင် သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းလမ်းညွှန်များ စနစ်တကျ ရှိစေရေး၊ သုတေသနရလဒ်များကို စီးပွားဖြစ် အသုံးချနိုင်ရေး၊  အသေးစား၊  အငယ်စားနှင့် အလတ်စား   စီးပွားရေး လုပ်ငန်းများက တောင်းဆိုလာသည့် သုတေသန လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက   သုတေသန ကျွမ်းကျင်ပညာရှင်များ  စဉ်ဆက်မပြတ် ပေါ်ထွန်းရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ၂ဝ၂၁-၂ဝ၃ဝ(National Education Strategic Plan  2021-2030) ကို   ရေးဆွဲဆောင်ရွက်နေမှု အခြေအနေ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာန (Center of Research and Innovation)  တည်ထောင်ဖွင့်လှစ်သွားမည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များတွင် မိမိတို့ဒေသအလိုက် လိုအပ်သည့် နည်းပညာများ တီထွင်နိုင်ရေး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့မျက်မှောက်ခေတ် ကာလသည် အလိုအလျောက်စနစ်များ အသုံးပြု၍  အချက်အလက် (Data) ဖလှယ်နိုင်သည့် ကုန်ထုတ်လုပ်ခြင်း စနစ်ကို ကျင့်သုံးသည့် စတုတ္ထ စက်မှုတော်လှန်ရေး (Fourth Industrial Revolution ac: Industry 4.0) ခေတ်ကာလဖြစ်သဖြင့် သိပ္ပံ၊  နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အတွက်  ၎င်းနှင့်သက်ဆိုင်သည့် ကော်မတီများ ဖွဲ့စည်းကာ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြသည်။

ထို့နောက်   သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးအုန်းဝင်းက အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ ကော်မတီများ   ဖွဲ့စည်း ဆောင်ရွက်ရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြသည်။

ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက National Research Policy  ပေါ်ပေါက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် အစီအမံများနှင့် ဖွဲ့စည်းဆောင်ရွက်မည့်   ကော်မတီများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြသည်။

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန   အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းတို့က သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံ များနှင့် လိုအပ်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက အကြံပြုဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍  ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။