နျူကလီးယား ဆွေးနွေးပွဲပြန်လာမည့် အီရန်၏ ဆုံးဖြတ်ချက် တရုတ်ကြိုဆို

နျူကလီးယား ဆွေးနွေးပွဲပြန်လာမည့် အီရန်၏ ဆုံးဖြတ်ချက် တရုတ်ကြိုဆို

နျူကလီးယားအရေး ဆွေးနွေးပွဲသို့ ပြန်လာမည့် အီရန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း  တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီကပြောသည်ဟု   တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထို့ပြင် အီရန်နျူကလီးယား သဘောတူစာချုပ်မှ တစ်ဖက်သတ် နုတ်ထွက်သွားသည့် အမေရိကန်အနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ပြန်လည်ပြင်ဆင်သင့်ကြောင်း တရုတ်ထိပ်တန်း တာဝန်ရှိသူကပြောသည်။

အလားတူ အမေရိကန်၏ ပြင်ဆင်မှုအပေါ် အခြေခံ၍     အီရန်နိုင်ငံက နျူကလီးယား သဘောတူစာချုပ်ပါ ၎င်းတို့၏ကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း ဝမ်ယီက ဆက်ပြောသည်။

ဝမ်ယီသည် အီရန်နိုင်ငံခြားရေး ဝန်ကြီး ဟော့စိန်အမီရက် ဒိုလာဟီယန်နှင့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးစဉ်    ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။

ထိုသို့ဆွေးနွေးစဉ် အီရန်နိုင်ငံအနေဖြင့် နျူကလီးယား သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်းနှင့် ထိုကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားမည်ဟု    ကတိပြုကြောင်း ဟော့စိန်အမီရက်ဒိုလာဟီယန်က ပြောသည်။

ရပ်ဆိုင်းထားသည်မှာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော အဖွဲ့ပေါင်းစုံ ပါဝင်သည့် နျူကလီးယား ဆွေးနွေးပွဲကိုပြန်လည် စတင်ရန် အီရန်အစိုးရကပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် အီရန်အနေဖြင့် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ခြင်း မရှိစေရန်    ကန့်သတ်ထားသော ၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူ စာချုပ်မှ ၂ဝ၁၈ ခုနှစ်တွင်နုတ်ထွက်ကာ   အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ    ပြန်လည်ချမှတ်ခဲ့ကြောင်း သိရသည်။