နာမည်ကျော် ဘလက်ဟော့တွေနေရာကို အစားထိုးမယ့် Defiant X

နာမည်ကျော် ဘလက်ဟော့တွေနေရာကို အစားထိုးမယ့် Defiant X

ဘလက်ဟော့ ရဟတ်ယာဉ်တွေဆိုတာ အမေရိကန် တပ်မတော်မှာသာမက ကမ္ဘာမှာပါ  နာမည်ကျော်ကြားတဲ့ တစ်နည်းအားဖြင့် လူတကာ ချီးကျူးရတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပါ။

ကမ္ဘာကျော်  အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ အိုစမာဘင်လာဒင်ကို ရှာဖွေချေမှုန်းရေးမှာ အသုံးပြုခဲ့တဲ့ ရဟတ်ယာဉ်တွေကလည်း ကမ္ဘာကျော် ဘလက်ဟော့တွေပါပဲ။

အခုတော့ ဘယ်လောက်ပဲကောင်းပါတယ်လို့ဆိုဆို ဘလက်ဟော့တွေဟာ အနားယူဖို့ အချိန်ကျလာပါပြီ။ ဒီအတွက် သူ့နေရာမှာ အစားထိုးမယ့် ရဟတ်ယာဉ် ထုတ်လုပ်နိုင်ရေးကို ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ကုမ္ပဏီတွေက စဉ်းစားရွေးချယ်မှုတွေ လုပ်လာတာကိုလည်း  တွေ့ရပါတယ်။

ဘလက်ဟော့နေရာမှာ အစားထိုးရမယ့် ရဟတ်ယာဉ်က   ဘလက်ဟော့ထက် မသာရင်တောင် သူ့ထက်တော့မလျော့တဲ့ စွမ်းဆောင်ရည် ရှိနေရမှာပါ။ ဒါမှလည်း ဘလက်ဟော့နေရာမှာ အစားထိုးဖို့အတွက် ထိုက်တန်မှာဖြစ်ပါတယ်။

လော့ဟိမာတင် ကုမ္ပဏီပိုင် ဆီကောစကီ ကုမ္ပဏီနဲ့  ဘိုးအင်း ကုမ္ပဏီတို့က ဘလက်ဟော့နေရာမှာ အစားထိုးမယ့် ရဟတ်ယာဉ်ရဲ့ အချက်အလက်တွေကို မကြာသေးခင်ကပဲ ထုတ်ပြန်လိုက်ပါပြီ။ လက်ရှိမှာတော့ အဲဒီရဟတ်ယာဉ်ရဲ့ အမည်ကို Defiant X လို့ သတ်မှတ်ထားပါတယ်။

Defiant X ဟာ ကြည်းတပ်ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ အနာဂတ် တာဝေးပြေး တိုက်ခိုက်ရေးလေယာဉ် စီမံကိန်းအတွက် ဆီကောစကီနဲ့ ဘိုးအင်းတို့က တင်သွင်းလာတဲ့ လေယာဉ် အမျိုးအစားတစ်ခုပါ။

ကြည်းတပ်ရဲ့ဒီအစီအစဉ်က ၁၉၈ဝ ပြည့်နှစ်အစောပိုင်း ကာလကနေ စတင်အသုံးပြုခဲ့တဲ့ ဘလက်ဟော့တွေနေရာမှာ အဆင့်မြင့်တဲ့ ရဟတ်ယာဉ်တွေနဲ့ အစားထိုးဖို့ ဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်ချက်တွေ အရတော့ Defiant X  ဆိုတဲ့ ရဟတ်ယာဉ်အသစ်ဟာ ဘလက်ဟော့ထက် နှစ်ဆမြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်တဲ့အပြင် ပျံသန်းနိုင်တဲ့ အကွာအဝေးကလည်း နှစ်ဆရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်  Defiant X ဟာ လေကြောင်းချီ ချေမှုန်းရေး တပ်ဖွဲ့တွေအတွက် ပြိုင်ဘက်ကင်းတဲ့ စစ်မြေပြင်လှုပ်ရှား စစ်ကစားနိုင်စွမ်းကို ပေးစွမ်းနိုင်စေမှာပါ။

Defiant Xက SB>1 DEFIANT  နည်းပညာသုံး သရုပ်ပြရဟတ်ယာဉ်ကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်ပါတယ်။ အဲဒီ သရုပ်ပြရဟတ်ယာဉ်ကို စမ်းသပ်မှုလုပ်ရာမှာတော့ တစ်နာရီကို ၂၃၈ မိုင်နှုန်းနဲ့ ပျံသန်းနိုင်တာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီရဟတ်ယာဉ်ရဲ့ နောက်တစ်ဆင့် အမြန်နှုန်းသတ်မှတ်ချက်က တစ်နာရီကို ၂၈၈ မိုင်နှုန်းအထိ ရောက်စေဖို့ ကိုလည်း ထုတ်လုပ်သူတွေက မျှော်လင့်ထားပါတယ်။

အသုံးအများဆုံး ဘလက်ဟော့ရဟတ်ယာဉ် အမျိုးအစား တစ်မျိုးဖြစ်တဲ့UH-60Mရဲ့ အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ၁၇၂ မိုင်နှုန်းရှိပါတယ်။

ဆီကောစကီ ကုမ္ပဏီကတော့ Defiant X ရဲ့ အမြင့်ဆုံးအမြန်နှုန်း အတိအကျကို ထုတ်ဖော်ပြောထားခြင်း မရှိပေမယ့် ဘလက်ဟော့တွေထက် နှစ်ဆမြန်မယ်လို့ ဆိုထားတာကြောင့် တစ်နာရီကို မိုင် ၃၄ဝ နှုန်းနဲ့ ပျံသန်းနိုင်ဖွယ်ရှိပါတယ်။

ဒီလိုအမြန်နှုန်းကို  ရရှိဖို့အတွက် Defiant X မှာ နှစ်ထပ်ပန်ကာကို အသုံးပြုထားပါတယ်။   ဒါတင်ပဲလားဆိုတော့ နောက်ဘက် အမြီးပိုင်းမှာလည်း ပန်ကာတစ်လက်ကို တပ်ဆင်ထားပြန်ပါတယ်။

အဲဒီလိုပန်ကာတွေကို အသုံးပြုထားတဲ့ အတွက် ပျံသန်းစဉ် လေယာဉ်ရဲ့ တည်ငြိမ်မှုကတော့ တကယ့်ကို အံ့ဖွယ်ဖြစ်လောက်ပြီး လှုပ်ရှားစစ် ကစားနိုင်စွမ်း မြင့်မားမှာပါ။

မြင့်မားတဲ့  အမြန်နှုန်း ရရှိဖို့အတွက် နောက်ထပ်ဆောင်ရွက်ချက်ကတော့ လေယာဉ်ရဲ့ ကိုယ်ထည်ပိုင်းကို ဘလက်ဟော့ ထက်ပိုပြီးပြေပြစ်အောင် တည်ဆောက်ထားခြင်း ပါပဲ။ ဒီလိုပြေပြစ်စေဖို့အတွက် ပျံသန်းစဉ်မှာ   လေယာဉ်ဘီးကို  အထဲ ခေါက်ထည့်ထားတာကိုလည်း တွေ့ရပါတယ်။

ရဟတ်ယာဉ်ကို ထိန်းချုပ်မှုအတွက် ထည့်သွင်းပေးထားတဲ့  နည်းပညာက  fly-by-wire နည်းပညာဖြစ်ပါတယ်။ အဲဒီနည်းပညာရဲ့ အလုပ်လုပ်ပုံက လေယာဉ်မှူးရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို လျှပ်စစ်လှိုင်းတွေအဖြစ် ပြောင်းလဲပြီး ပျံသန်းရေး ကွန်ပျူတာထဲကို စီးဆင်းပါတယ်။

ပြီးတဲ့အခါမှာ ပြောင်းလဲသွားတဲ့ လျှပ်စစ်လှိုင်းတွေက လေယာဉ် ထိန်းချုပ်မှုအတွက် အမိန့်ပေးစေခိုင်းမှုတွေ ဖြစ်လာတာဖြစ်ပါတယ်။

ဒီနည်းပညာကို အသုံးပြုခြင်းကြောင့် သမားရိုးကျ နည်းပညာတွေဖြစ်တဲ့ ကြိုးတွေ၊ စက်သီးတွေ အသုံးပြုရမှုကို ဖယ်ရှားနိုင်ပါလိမ့်မယ်။

ဘာကြောင့်ဒီနည်းကို အသုံးပြုလာရလဲဆိုရင်   သမားရိုးကျ နည်းပညာတွေကို အသုံးပြုခြင်းက လေယာဉ်ဟာ  ရန်သူရဲ့ တိုက်ခိုက်မှုကို ခံရချိန်မှာ ပျက်စီးမှုတွေ ဖြစ်နိုင်ပြီး အဆုံးသတ်မှာတော့ လေယာဉ်ကိုထိန်းချုပ်လို့ မရတော့တာတွေ ဖြစ်လာလို့ပဲဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ချက်တွေအပြင် Defiant X မှာ တခြားသော နောက်ထပ် လုပ်ဆောင်ချက်တွေ အများအပြား ပါဝင်သေးတယ်လို့လည်း ဆီကောစကီ ကုမ္ပဏီကပြောထားပါတယ်။

သူ့ရဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုကတော့ အပူလှိုင်း ထုတ်လွှတ်မှုကို လျှော့ချနိုင်ခြင်းပါပဲ။ ဒီလိုအပူလှိုင်း ထုတ်လွှတ် မှုကို လျှော့ချနိုင်ခြင်းကြောင့်   ရန်သူရဲ့အနီအောက်ရောင်ခြည်သုံး အာရုံခံ ကိရိယာတွေရဲ့ ထောက်လှမ်းမှုကနေ ရှောင်ထွက်နိုင်မှာဖြစ်သလို  ပခုံးထမ်းဒုံးကျည်တွေ၊  အနီအောက်ရောင်ခြည်သုံး ပဲ့ထိန်းဒုံးကျည်တွေရဲ့တိုက်ခိုက်မှုကြောင့် ထိမှန်ခံရနိုင်ခြေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Defiant X မှာ ဘလက်ဟော့က မစွမ်းဆောင်နိုင်တဲ့ ဝန်ဆွဲနိုင်စွမ်းလည်း ရှိလာနိုင်ပါတယ်။ အကြောင်းရင်းကတော့ ဆီကောစကီ ကုမ္ပဏီက  ထုတ်ပြန်တဲ့ ဓာတ်ပုံမှာ Defiant X  က M777 ယာဉ်ဆွဲဟောင်ဝစ်ဇာအမြောက်ကို  ဆွဲထားပြီး ပျံသန်းနေတာကို တွေ့ရလို့ပါပဲ။

M777 ယာဉ်ဆွဲဟောင်ဝစ်ဇာ အမြောက်ဆိုတာ အလေးချိန်အားဖြင့် ပေါင် ၉၃ဝဝ ရှိပါတယ်။ ဒီလောက်အထိလေးတဲ့ ဝန်တင်ပစ္စည်းကို ဘလက်ဟော့က ဆွဲနိုင်ခြင်း မရှိပါဘူး။

ဆီကောစကီကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ  Defiant X ရဲ့နောက်ဆုံး စွမ်းဆောင်ရည်တစ်ခုက ယခင်ရဟတ်ယာဉ်တွေထက် ပိုမိုပေါ့ပါး သွက်လက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုပေါ့ပါးသွက်လက်တဲ့ အတွက် တောအုပ်တွေကြားထဲမှာ အနိမ့်ပျံသန်းခြင်းနဲ့ ညီညာမှုမရှိတဲ့  တခြားမြေအနေအထားတွေမှာ ပျံသန်းခြင်းတို့ကို ကောင်းစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

အထူးသဖြင့် အနာဂတ် စစ်မြေပြင်ဖြစ်လာနိုင်တယ်လို့ စစ်ဘက်က ယုံကြည်ယူဆထားတဲ့ မြို့ပြကြီးတွေရဲ့ မိုးမျှော်တိုက်တွေကြားထဲမှာ ကောင်းစွမ်းပျံသန်းနိုင်စွမ်း ရှိမှာဖြစ်ပါတယ်။

Defiant X လိုမျိုး အလေးချိန်ရှိတဲ့ ရဟတ်ယာဉ် အမျိုးအစားတွေဟာ အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် စာရင်းဝင်ပါတယ်။

ဒီအတွက် သူတို့မှာ ဘေးဘက်တံခါး နှစ်ပေါက်မှာ တပ်ဆင်ထားတဲ့ ၇ ဒသမ ၆၂ မီလီမီတာ စက်သေနတ်တွေ ပါဝင်လေ့ရှိပါတယ်။ ဒီလိုစက်သေနတ်တွေ ပါဝင်တဲ့အတွက်လည်း သူတို့ဟာ အကန့်အသတ်ရှိတဲ့ အစောင့်လိုက် စစ်ဆင်ရေးတွေကို ဆင်နွှဲနိုင်ပါတယ်။

အခု ဆီကောစကီက ထုတ်ပြန်တဲ့ဓာတ်ပုံတွေအရ Defiant X မှာ လက်နက်တပ်ဆင် ထားတာကို မတွေ့ရပါဘူး။ ဒါပေမဲ့ တကယ်တမ်း ထုတ်လုပ်တဲ့အခါမှာတော့ တချို့သော လက်နက်စနစ်တွေ ပါဝင်လာနိုင်ပါတယ်။

ပါဝင်လာနိုင်တဲ့ လက်နက်စနစ်တစ်မျိုးက ကြည်းတပ်က မြေပြင်သွား ယာဉ်တွေအတွက်အသုံးပြုမယ့် CROWS လက်နက်စနစ်ကဲ့သို့ အဝေးထိန်း လက်နက်စနစ်ဖြစ်ပါတယ်။

အဲဒီလက်နက်စနစ်ဟာ အမြင့်မားဆုံးသော  တိကျမှုနဲ့ အမြန်နှုန်းကို ပေးစွမ်းနိုင်မှာပါ။ စိတ်မကောင်းစရာတစ်ခုက အဲဒီ လက်နက်စနစ်ဟာ လက်ရှိအချိန်မှာ အလွန်ကြီးမား လေးလံနေသေးတဲ့အတွက် တကယ်လို့သာ ဒီလက်နက်စနစ်ကို အသုံးပြုမယ်ဆိုရင်  Defiant X ရဲ့ ဝန်ဆွဲစွမ်းဆောင်ရည်ကတော့ လျော့ကျသွားနိုင်ပါတယ်။

ဒီနေရာမှာ ဘလက်ဟော့ ရဟတ်ယာဉ် နေရာကိုအစားထိုးဖို့အတွက် စစ်ဘက်က ရွေးချယ်ရမယ့် ရဟတ်ယာဉ်တွေထဲမှာ Defiant X ရဲ့ ပြိုင်ဘက်ရှိနေပါတယ်။ အဲဒါကတော့ ဘဲ(လ်)ကုမ္ပဏီက ထုတ်လုပ်မယ့် V-280 Valor ပါပဲ။

စစ်ဘက်အနေနဲ့ ဘလက်ဟော့နေရာမှာ အစားထိုးမယ့် ရဟတ်ယာဉ် ရွေးချယ်မှုကို ၂ဝ၂၂ ခုနှစ်မှာ လုပ်သွားမှာဖြစ်ပြီး ပထမဆုံးသော ရဟတ်ယာဉ်ကိုတော့ ၂ဝ၃ဝ ပြည့်နှစ်မှာ လက်ခံရရှိသွားဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။  ။