ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရရှိသူအား အတည်ပြုခဲ့ပြီး မက်ဆီ ရရှိကြောင်းကို ကြိုတင် အကြောင်းကြားထားပြီးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ရရှိသူအား အတည်ပြုခဲ့ပြီး မက်ဆီ ရရှိကြောင်းကို ကြိုတင် အကြောင်းကြားထားပြီးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို နိုဝင်ဘာ  ၂၉ ရက်မှသာ ရွေးချယ် ချီးမြှင့်မည်ဖြစ်သော်လည်း အဆိုပါဆုကို ကမကထ ပြုလုပ်ပေးအပ်မည့် ပြင်သစ် မဂ္ဂဇင်းက မက်ဆီရရှိကြောင်းကို  ကြိုတင် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်ဟု Give Me Sports သတင်းဌာနက ဖော်ပြခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို  ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က ကြီးမှူးပြီး ပြင်သစ်နိုင်ငံ အခြေစိုက်  ပြင်သစ်မဂ္ဂဇင်းက  ကမကထပြုလုပ်၍ ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်ရာ   လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက်  ဆန်ခါတင် ကစားသမား သုံးဦးစာရင်းပင်  မထုတ်ပြန်သေးသော်လည်း မက်ဆီရရှိကြောင်းကို အတည်ပြုပြီးဖြစ်ကြောင်း  Sports Bible သတင်းဝက်ဘ်ဆိုက်ကလည်း ဖော်ပြခဲ့သည်။

မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ခြောက်ကြိမ်အထိ ရရှိထားကာ အကြိမ်ရေအများဆုံး ရရှိထားသော ကစားသမားအဖြစ် ရပ်တည်နေပြီး ၎င်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသနှင့် အောင်မြင်မှု မရရှိခဲ့သော်လည်း ဇူလိုင်လအတွင်းက အာဂျင်တီးနား အသင်းနှင့်အတူ ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယခုနှစ်တွင် ပေးအပ်မည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ထိပ်ဆုံးမှ ရေပန်းစားလာခဲ့ခြင်းဖြစ်သည်။

မက်ဆီသည်  အစောပိုင်းက ရေပန်းစားမှုစာရင်းတွင်  ထိပ်ဆုံးမှ အပြတ်အသတ် ဦးဆောင်ထားသော်လည်း ယခုဘောလုံးရာသီ ပြန်လည်စတင်ချိန်တွင် ပီအက်စ်ဂျီအသင်းသို့  ပြောင်းရွှေ ကစားခဲ့ပြီးနောက် လိဂ်ပွဲစဉ်များ၌  တစ်ဂိုးမျှ သွင်းယူနိုင်ခြင်း မရှိသေးဘဲ ကစားသမားဘဝ ၁၅ နှစ်တာကာလအတွင်း အဆိုးရွား ဆုံးရာသီအစနှင့် ရုန်းကန်နေရချိန်တွင် ရေပန်းအစား ဆုံးကစားသမားများ စာရင်းတွင် ပါဝင်နေသည့်  ဘိုင်ယန်မြူးနစ်အသင်းမှ လီဝန်ဒေါစကီးက အကောင်းဆုံးခြေ စွမ်းပြနေပြီး စံချိန်များစွာ တင်နိုင်သကဲ့သို့ ချယ်လ်ဆီး အသင်းမှ ဂျော်ဂျင်ဟိုသည်လည်း ကလပ်အသင်းနှင့်  နိုင်ငံအသင်း အတွက်ပါ    ချန်ပီယံဆုများ ရရှိခဲ့ပြီး ရေပန်းစားမှု စာရင်းတွင်  မက်ဆီနှင့် အပြိုင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ပြင်သစ်မဂ္ဂဇင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို မက်ဆီရရှိကြောင်း အကြောင်းကြားထားပြီးနောက် မက်ဆီအနေဖြင့် ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနှင့် ထိုက်တန်သူမဟုတ်ဘဲ လီဝန်ဒေါစကီး နှင့်   ဂျော်ဂျင်ဟိုတို့ထဲမှ တစ်ဦးသာရသင့်သည်ဟု ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

မက်ဆီအနေဖြင့် ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အမှန်တကယ် ဆွတ်ခူးနိုင်မည်ဆိုပါက  ကစားသမားဘဝ တစ်လျှောက် ခုနစ်ကြိမ်မြောက်အဖြစ်  ဆွတ်ခူးရရှိမည်ဖြစ်ကာ ဒုတိယမြောက် ကစားသမားအဖြစ် မန်ယူအသင်းမှ စီရော် နယ်ဒိုက ငါးကြိမ်ဖြင့် ရပ်တည်လျက်ရှိကြောင်း သိရသည်။