စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ကန့်သတ်ချက်များကို ဖြေလျှော့လိုက်သည့် ထိုင်းနိုင်ငံ

စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ကန့်သတ်ချက်များကို ဖြေလျှော့လိုက်သည့် ထိုင်းနိုင်ငံ

အရှေ့တောင်အာရှနိုင်ငံ   တစ်နိုင်ငံလည်းဖြစ်၊ ခရီးသွား လုပ်ငန်းအပေါ် အမှီသဟဲပြုနေရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည့် ထိုင်းနိုင်ငံသည် ယခုအခါ  နိုင်ငံအတွင်း  ချမှတ်ထားသည့်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ပြီး  ပြည်ပ နိုင်ငံများမှ     ခရီးသွား ဝင်ရောက်မှုကို ပြန်လည်   ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

ထိုင်းအစိုးရ၏ အဆိုပါ ဆောင်ရွက်ချက်သည်  ရောဂါကူးစက်မှုကြောင့် အထိနာခဲ့ရသည့်   နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်နာလန် ထူလာစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

ထိုင်းအစိုးရက နယ်စပ်ဝင်ပေါက်များကို နိုဝင်ဘာ ၁ ရက်မှ စတင်ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် နိုင်ငံနှင့် ဒေသပေါင်း ၆ဝ  ကျော်မှ  ခရီးသွားများ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်ကိုတွေ့ရသည်။အဘယ်ကြောင့်ဆိုသော် ထိုင်းအစိုးရက နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများအား ရောဂါပိုးရှိ၊ မရှိစောင့်ကြည့်သည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထိုင်းနိုင်ငံသို့  အဓိက ဝင်ရောက်လာသည့် ခရီးသွားများကို ကြည့်ပါက အေးမြလှသည့် ဆောင်းရာသီကို ရှောင်ရှားလိုသော ဥရောပနိုင်ငံများမှ ခရီးသွားများ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။  ပြည်ပနိုင်ငံများမှ ခရီးသွားများ   ပြန်လည်ဝင်ရောက် လာသည်နှင့်အမျှ ဗန်ကောက်မြို့တော် အပအဝင် မြို့ကြီးများရှိ စားသောက်ဆိုင်များ၊ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သည့် နေရာများလည်း      ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်သောကြောင့်  ထိုင်းနိုင်ငံသည် ပုံမှန်နီးပါး ပြန်လည်စည်ကား လာပြီဖြစ်သည်။

ထိုင်းနိုင်ငံသည်   ဘဏ္ဍာငွေရရှိရေး အတွက် အထူးသဖြင့် ခရီးသွား လုပ်ငန်းအပေါ် အမှီသဟဲပြုနေရသည့် နိုင်ငံတစ် နိုင်ငံဖြစ်သည်။ သို့သော် နိုင်ငံတစ်ဝန်းလုံး၌   ကိုဗစ်-၁၉  ရောဂါကူးစက်မှုကြောင့် အစိုးရက  နိုင်ငံအတွင်းရှိ  စီးပွားရေး လုပ်ငန်းများကိုသာမက ခရီးသွားလုပ်ငန်းများကိုပါ ပိတ်ပစ်ခဲ့ရခြင်းကြောင့် စီးပွားရေးအရ  များစွာအထိ နာခဲ့ရသည်။   ထိုင်းနိုင်ငံသည် ၂ဝ၁၉ ခုနှစ် တစ်နှစ်တည်းမှာပင် ခရီးသွားလုပ်ငန်းမှ ဘတ် ၁ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၇ ဒသမ ၆ ဘီလီယံခန့်) ဝင်ငွေရရှိခဲ့သည်။

ရောဂါကူးစက်မှုကြောင့်   နိုင်ငံ၏ နယ်စပ်များကို ပိတ်ပစ်ထားရခြင်းသည် နိုင်ငံအတွက်  ရရှိနေသည့်  ဘဏ္ဍာငွေ စီးဆင်းမှုကို    ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့်အစိုးရက နိုင်ငံ၏ ထိခိုက်ခဲ့ရသည့် ကဏ္ဍများမှ ဝင်ငွေပြန်လည် ရရှိစေရေးအတွက် ခရီးသွားလုပ်ငန်းကို ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

နိုင်ငံ၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ထိုင်းအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို သီးခြားခွဲ၍ မနေစေဘဲ ရောဂါကူးစက် ခံထားရခြင်းရှိ၊ မရှိ စောင့်ကြည့်ရန် အစိုးရက စီစဉ်ပေးထားသည့် ဟိုတယ်၌ တစ်ညတာ တည်းခိုနိုင်ရမည်ဖြစ်သည်။

စစ်ဆေးခံရသည့် ခရီးသွားများ ရောဂါကူးစက် ခံထားရခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ၎င်းတို့အနေဖြင့် တစ်နိုင်ငံလုံးသို့   အကန့်အသတ်မရှိ  လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်သည်။

သို့ရာတွင် စောင့်ကြည့်မှု ကင်းလွတ်ခွင့် ရရှိထားသည့်   နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် ဝင်ရောက်လာခြင်းမရှိသော ခရီးသွားများအနေဖြင့်  ၎င်းတို့ရောက်ရှိသည့်  ပြည်နယ် ၁၇ ခုတွင်  တစ်ပတ်ကြာ နေထိုင်ရမည်ဖြစ်သည်။ ယင်းနောက်ပိုင်း ရောဂါကူးစက် ခံထားရခြင်းမရှိဟု အတည်ပြုပြီးနောက်ပိုင်းမှသာ တခြားနေရာဒေသများသို့ သွားရောက်နိုင်မည်ဖြစ်သည်။

အစိုးရက    နိုင်ငံ၏ နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးပြီးနောက် ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားဦးရေမှာ  ၁၆ဝဝဝ  ခန့်ရှိပြီး အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့မှ  ခရီးသွားများ အများဆုံး ဝင်ရောက်လာခဲ့သည်။

ရောဂါကူးစက်မှု အခြေအနေကြောင့် နိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်များနှင့် လေဆိပ်များမှ ဝင်ရောက်မှုကို အစိုးရကပိတ်ထားခြင်းအပေါ် တခြားပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများကလည်း ယခုအခါ စောင့်ကြည့်လျက် ရှိသည်ကိုတွေ့ရသည်။  

မည်သို့ပင်ဆိုစေကာမူ အစိုးရက တင်းကျပ်ထားသည့် ကန့်သတ်ချက်များကို ယခုကဲ့သို့ ဖြေလျှော့ပေးလိုက်ခြင်းသည် နိုင်ငံ့စီးပွားရေးနှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး အတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။