ရုရှား-အမေရိကန် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေး ကြိုးပမ်းချက် အောင်မြင်မည်လား

ရုရှား-အမေရိကန် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေး ကြိုးပမ်းချက် အောင်မြင်မည်လား

ရုရှားနှင့် အမေရိကန်တို့ကြား ဆက်ဆံရေး  ပုံမှန်အတိုင်း  ပြန်ဖြစ်စေရေးသည် အမေရိကန် အစိုးရက သိမ်းယူထားသည့်      ရုရှားသံတမန်  အဆောက်အအုံများကို ပြန်လည်ပေးအပ်မှု အပေါ် မူတည်နေသည်ဟု  ရုရှားက  ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ ရပ်တည်ချက်မှာ အမေရိကန်က  သိမ်းယူထားသည့်  သံတမန် အဆောက်အအုံကို ပြန်လည်ပေးအပ်ခြင်း မရှိပါက နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်လာ နိုင်မည့် အလားအလာမရှိဟု ဝါရှင်တန်မြို့ရှိ ရုရှားသံရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဆာဂျီကိုရှီလက်က RTVI  သတင်းဌာနနှင့် ပြုလုပ်သည့်   တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင်ပြောသည်။

အမေရိကန်အစိုးရသည်   ပြီးခဲ့သည့် နှစ်များအတွင်း  ရုရှားပိုင်သံတမန် အဆောက်အအုံခြောက်ခုကို   သိမ်းယူထားပြီး သိမ်းယူခံထားရသည့် အဆိုပါ သံတမန်အဆောက်အအုံများ အခြေအနေကို  လေ့လာ ဆုံးဖြတ်ရန်အတွက်   ခွင့်ပြုပေးရန် ရုရှားဘက်က အမေရိကန် အစိုးရအား အကြိမ်ကြိမ် တောင်းဆိုထားသည်။ 

ထို့ကြောင့်  အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍  အင်အားကြီး နှစ်နိုင်ငံကြား သဘောထားတင်းမာလျက်ရှိသည်။

သိမ်းယူခြင်းခံထားရသည့် ရုရှားပိုင် သံတမန် အဆောက်အအုံများ အနက် နှစ်ခုကို အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်၂ဝ၁၆ ခုနှစ်တွင် သိမ်းယူထားခြင်းဖြစ်သည်။

အဆိုပါသံတမန် အဆောက်အအုံများမှာ နယူးယောက်နှင့် မေရီလန်းပြည်နယ် တို့မှဖြစ်ပြီး အမေရိကန်အစိုးရသည် ယင်းသံတမန် အဆောက်အအုံများရှိ ရုရှားသံ အမှုထမ်း  ၃၅  ဦးကို  နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။

အလားတူ  အမေရိကန်၌  ဒေါ်နယ်ထရမ့် တက်ရောက်လာပြီးနောက် ဆန်ဖရန်စစ္စကိုမြို့ရှိ    ရုရှားကောင်စစ်ဝန်ချုပ်ရုံး၊ နယူးယောက်နှင့် ဝါရှင်တန်တို့ရှိ   ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ် အဆောက်အအုံများကို ၂ဝ၁၇ ခုနှစ်တွင် ပိတ်ပစ်ခဲ့သည်။ အမေရိကန်အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်မှာ ရုရှားက မော်စကိုမြို့ရှိ အမေရိကန်သံရုံးတွင် အမှုထမ်းနေသည့် သံတမန်ဦးရေကို  လျှော့ချခဲ့ခြင်း အပေါ်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရသည်  တစ်နည်းအားဖြင့်ဆိုရပါမူ ၎င်းတို့နိုင်ငံအတွင်းရှိ  ရုရှားသံတမန် အဆောက်အအုံများကို စွပ်စွဲချက်အမျိုးမျိုးဖြင့် ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ အမေရိကန် အစိုးရ၏  အဆိုပါ လုပ်ဆောင်ချက်သည်

သံတမန်နှင့် ကောင်စစ်ဝန်ရုံးများ ဆိုင်ရာ ဗီယင်နာ   သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရုရှားအစိုးရက စွပ်စွဲထားသည်။

ထို့ကြောင့်   အမေရိကန်ရှိ   ရုရှားသံတမန် အဆောက်အအုံများကို ပိတ်ပစ်၍ သိမ်းယူခြင်းသည်  ရုရှား-အမေရိကန် ဆက်ဆံရေး     တိုးတက်လာစေရေး ကြိုးပမ်းချက်တွင်   အဟန့်အတားတစ်ခုအဖြစ်ရှိနေသည်။

ယခုအခါ အဆိုပါ အဟန့်အတားကို ဖယ်ရှားနိုင်ရေးအတွက် ရုရှားနှင့်အမေရိကန် သံတမန်များကြား  တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ရန်    စီစဉ်လျက်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေး  ပုံမှန်ပြန်ဖြစ်လာစေရန်    ကြိုးပမ်းမည့် အလားအလာ ရှိနေသည်။

ထို့ကြောင့် နှစ်နိုင်ငံကြား ကျင်းပမည့် စေ့စပ်ညှိနှိုင်းပွဲများတွင် တစ်ဖက်နှင့်တစ်ဖက်   အလျှော့ပေး ဆွေးနွေးနိုင်မှသာ သဘောတူညီချက် တစ်ရပ်ကို ချမှတ်နိုင်မည်ဖြစ်ပြီး    နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ပုံမှန်ပြန်ဖြစ်စေနိုင်မည်ဖြစ်သည့် အပြင် သဘောထား တင်းမာမှုကိုပါ လျှော့ချ နိုင်မည်ဖြစ်သည်။