ကိုရီးယား သံအမတ်ကြီးဖလား အွန်လိုင်းတိုက်ကွမ်ဒို ကကွက် ချန်ပီယံရှစ် အကြီးတန်းပြိုင်ပွဲတွင် ရန်ကုန်မြို့တော်စည်ပင်အသင်း တံခွန်စိုက်ဖလား ဆွတ်ခူး

ကိုရီးယား သံအမတ်ကြီးဖလား အွန်လိုင်းတိုက်ကွမ်ဒို ကကွက် ချန်ပီယံရှစ် အကြီးတန်းပြိုင်ပွဲတွင် ရန်ကုန်မြို့တော်စည်ပင်အသင်း တံခွန်စိုက်ဖလား ဆွတ်ခူး

ရန်ကုန်  နိုဝင်ဘာ ၇

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန  မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂ဝ၂၁ ခုနှစ် ကိုရီးယား သံအမတ်ကြီးဖလား အွန်လိုင်းတိုက်ကွမ်ဒို ကကွက်ချန်ပီယံရှစ်(2021 Korea Ambassador's Cup Online Poomsae Championship) ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဆက်လက် ကျင်းပရာ အကြီးတန်းပြိုင်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်အသင်းက တံခွန်စိုက်ဖလား ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယနေ့ပြုလုပ်သည့် ဒုတိယနေ့ပြိုင်ပွဲတွင် ကာလာခါးစည်း အဆင့် အငယ်တန်းပြိုင်ပွဲ များ၌ အမျိုးသား၊ အမျိုးသမီး ကကွက် တစ်ဦးချင်း ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲပေါင်း ၉၃ ပွဲကျင်းပခဲ့သည်။ ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ခါးစည်းအနက်အဆင့် အကြီးတန်းပြိုင်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်အသင်းက ရွှေငါးခု၊ ငွေငါးခု၊ ကြေးနှစ်ခုဖြင့် ပထမတံခွန်စိုက်ဖလား ရရှိခဲ့ပြီး အောင်ဆန်းအသင်းက ရွှေသုံးခု၊ ငွေ လေးခု၊ ကြေးရှစ်ခုဖြင့်ဒုတိယ၊ ပြည်ထဲရေး အသင်းက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုဖြင့်တတိယဆုများ ရရှိကြသည်။

ထို့အတူ ကာလာခါးစည်းအဆင့် အငယ်တန်း ပြိုင်ပွဲများတွင် ရွှေလေးခု၊ ကြေးနှစ်ခုဖြင့် Tigerမ ကလပ်အသင်းက ပထမ တံခွန်စိုက်ဆု၊ Dragon ကလပ်အသင်းက ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုဖြင့် ဒုတိယ၊ ရွှေပြည်သာ ကလပ်အသင်းက ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခုဖြင့် တတိယအသီးသီး ရရှိခဲ့ကြသည်။ ဆုရရှိကြသော အသင်းများအား မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဦးမြသိဏ်းက ဆုများပေးအပ် ချီးမြှင့်သည်။

အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်က စတင်ကျင်းပခဲ့ပြီး   ပထမနေ့ ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသက် ၁၁ နှစ်အောက် တစ်ဦးချင်းပြိုင်ပွဲ၊ ခါးစည်းအနက် အဆင့်များ၊ ကကွက်(၃/၄)၊ အသက် ၁၂-၁၄ နှစ်အောက် တစ်ဦးချင်းပြိုင်ပွဲ၊ ခါးစည်းအနက် အဆင့်များ၊ ကကွက်(၅/၆)၊ အမျိုးသား၊ အမျိုးသမီး အသက် ၁၅-၁၇ နှစ်အောက် တစ်ဦးချင်းပြိုင်ပွဲ၊ ခါးစည်းအနက်အဆင့်များ၊ အမျိုးသား၊  အမျိုးသမီး ကကွက်(၇/၈) အသက် ၁၈-၃ဝ နှစ်အောက် စီနီယာ(၁)တစ်ဦးချင်းပြိုင်ပွဲ၊ ခါးစည်းအနက် အဆင့်များ၊ အမျိုးသား၊အမျိုးသမီး ကကွက်(ဂိုလီယို/ ဂွန်ဂမ်)၊ အသက် ၃ဝ-၄ဝ နှစ်အောက် စီနီယာ(၂)တစ်ဦးချင်း၊  ခါးစည်းအနက် အဆင့်များ၊ အမျိုးသား၊ အမျိုးသမီးကကွက် (ဂွန်ဂမ်/ထေဘက်)၊ အမျိုးသား၊အမျိုးသမီး အသက် ၄ဝ နှစ်အထက် မာစတာအဆင့် တစ်ဦးချင်း၊ ခါးစည်းအနက် အဆင့်များ၊ ကကွက် (ထေဘက်/ဖြောန်ဝမ်) ပြိုင်ပွဲများ ကျင်းပခဲ့သည်။

၂ဝ၂၁ ခုနှစ် ကိုရီးယား သံအမတ်ကြီးဖလား အွန်လိုင်းတိုက်ကွမ်ဒို ကကွက်ချန်ပီယံရှစ်(2021 Korea Ambassador'sCup Online Poomsae Championship )ပြိုင်ပွဲသို့ ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင်အသင်းများ၊ အားကစားနှင့် ကာယပညာ(သိပ္ပံ)ကျောင်းများမှ ပြိုင်ပွဲဝင် အသင်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲဝင် အသင်း ၁၇ သင်း၊ အားကစားသမား ၁၈ဝ ခန့်နှင့် ပြိုင်ပွဲပေါင်း ၁၅ဝ ကျော် ကျင်းပ ခဲ့ကြောင်း သိရသည်။