အိန္ဒိယ၌ ဇီကာဗိုင်းရပ် ကူးစက်ခံရသူ ၁ဝဝ နီးပါးရှိလာ

အိန္ဒိယ၌ ဇီကာဗိုင်းရပ် ကူးစက်ခံရသူ ၁ဝဝ နီးပါးရှိလာ

အိန္ဒိယနိုင်ငံ အွတ်တာပရာဒေ့ပြည်နယ်ရှိ ကန်ပူရမြို့၌ ဇီကာဗိုင်းရပ် ကူးစက်ခံရသူ အယောက် ၁ဝဝ နီးပါး ရှိလာကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်အထိ စစ်ဆေးချက်များအရ ဇီကာဗိုင်းရပ်ကူးစက် ခံရသူစုစုပေါင်း  ၈၉  ဦးအထိမြင့်တက်လာကာ ကလေးငယ် ၁၇ ဦးပါဝင်ကြောင်း မြို့နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

ကျန်းမာရေးဌာန အနေဖြင့် ကန်ပူရမြို့၌ ဇီကာဗိုင်းရပ် ကူးစက်ခံရသူ အရေအတွက် မြင့်တက်လာမှုနှင့် ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အဖွဲ့များစွာကို  ဖွဲ့စည်းတာဝန် ပေးထားကြောင်း    ကျန်းမာရေးမှူး ဒေါက်တာနီပေါဆင်းက ပြောသည်။

အိန္ဒိယနိုင်ငံရှိ ပြည်နယ်အများအပြား၌ ပြီးခဲ့သည့်နှစ်များအတွင်း ဇီကာဗိုင်းရပ် ကူးစက်မှုများဖြစ်ပွားသော်လည်း အွတ်တာပရာဒေ့ပြည်နယ်၌ ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြည်နယ်၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ ထိပ်တန်းအစိုးရ ဗျူရိုကရက်အရာရှိ မိုဟန်ပရာဆတ်က ပြောသည်။

ကန်ပူရမြို့၌ ဇီကာဗိုင်းရပ် ကူးစက်ခံရသူ ပထမဆုံး တစ်ဦးကို အောက်တိုဘာ ၂၃ ရက်တွင်တွေ့ရှိခြင်းဖြစ်ကာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း   ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်  မြင့်တက်လာခြင်း ဖြစ်သည်။

တာဝန်ရှိသူများအနေဖြင့် ဇီကာဗိုင်းရပ် ဖြစ်ပွားမှုကို လေ့လာစောင့်ကြည့်နေပြီး ဗိုင်းရပ်ကူးစက် ပျံ့နှံ့စေသောခြင်များ ပေါက်ပွားရာ နေရာများကို ရှင်းလင်းနေကြောင်း ဒေါက်တာနီပေါဆင်းက ဆက်ပြောသည်။

ခြင်မှတစ်ဆင့်ကူးစက်သော ဇီကာဗိုင်းရပ်ကို ၁၉၄၇ ခုနှစ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ကပ်ရောဂါအသွင် ဖြစ်ပွားသည်။

ထိုဗိုင်းရပ် ကူးစက်ခံရသော ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ဦးခေါင်းသေးငယ်ပြီး ဉာဏ်ရည်မဖွံ့ဖြိုးသော ကလေးငယ်များကို   မွေးဖွားရလေ့ရှိကြောင်း   သိရသည်။