သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း၌ရေကြီး လူကိုးဦး သေဆုံး

သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း၌ရေကြီး လူကိုးဦး သေဆုံး

သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတောင် ပိုင်းဒေသတို့၌ သီတင်းပတ် တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှု ဖြစ်ပွားခြင်းကြောင့် လူကိုးဦး သေဆုံးကာ နှစ်ဦးပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၌ သဘာဝ ဘေးအန္တရာယ် ကိုအဆိုးဝါးဆုံး ခံစားရသည့် အလယ်ပိုင်း တောင်တန်းဒေသနှင့် ပတ်ဝန်းကျင်ဒေသများ အပြင် ပြည်နယ် ၂၅ ခုအနက် ထက်ဝက် နီးပါး၌ မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားသည်။ နိုင်ငံအတွင်း မိုးသည်းထန်စွာ စတင်ရွာသွန်းသည့် အောက်တိုဘာလကုန်ကတည်းက ယခုအချိန်ထိ ရေကြီးမှုကြောင့် လူငါးဦး သေဆုံးပြီး  နှစ်ဦးပျောက်ဆုံးသည်ဟု သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဌာနက နိုဝင်ဘာ ၈ ရက်တွင်ပြောသည်။

လာမည့်ရက်များတွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်မှုကြောင့်  နိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းဒေသ ဂျက်နာမြို့ဝန်းကျင်၌ ရေကြီးမှု ပိုမိုဆိုးဝါးလာနိုင် ဖွယ်ရှိကြောင်း သီရိလင်္ကာနိုင်ငံ၏ မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

အလားတူ အိန္ဒိယနိုင်ငံ  တမီးနာဒူပြည်နယ်၌ ရေကြီးမှုကြောင့် လူလေးဦး သေဆုံးကြောင်း  ဒေသတွင်းသဘာဝဘေး အန္တရာယ်ကိုယ်တွယ် ဖြေရှင်းရေး ဝန်ကြီးက နိုဝင်ဘာ ၈ ရက်တွင် ပြောသည်။

တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ် ကျရောက်နေသူများ နေအိမ်မ ှရွှေ့ပြောင်းနေထိုင်နိုင်ရန် ကယ်ဆယ်ရေး စခန်း ၁၅ဝ ကျော်ပြင်ဆင်ထားကြောင်း ဝန်ကြီးက ဆက်ပြောသည်။

တမီးနာဒူပြည်နယ်၏ မြို့တော် ချန်နိုင်းမြို့၏ လမ်းမကြီးများတွင် ရေလွှမ်းမိုးမှုဖြစ်ပွား နေပြီး သစ်ပင်များအမြစ်မှ ကျွတ်ထွက်ကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိ ကြောင်း သိရသည်။