လာမည့် ဘောလုံးရာသီအထိ အသင်း၌ တိုက်စစ်မှူး ဟာလန်း ဆက်ရှိနေမည်ဖြစ်ကြောင်း ဒေါ့မွန်အသင်း အားကစား ဒါရိုက်တာပြော

လာမည့် ဘောလုံးရာသီအထိ အသင်း၌ တိုက်စစ်မှူး ဟာလန်း ဆက်ရှိနေမည်ဖြစ်ကြောင်း ဒေါ့မွန်အသင်း အားကစား ဒါရိုက်တာပြော

ဒေါ့မွန်အသင်း အားကစား ဒါရိုက်တာ ဆီဘက်ရှန်ခါးက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ဟာလန်းအနေဖြင့် အသင်းမှ ထွက်ခွာမည် မဟုတ်ဘဲ လာမည့် ဘောလုံးရာသီအထိ အသင်း၌ ဆက်ရှိနေမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ်ဟာလန်းသည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက ဆဲလ်ဘတ်အသင်းမှ ဒေါ့မွန်အသင်းသို့ ၂ဝ၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ ကစားခဲ့သော်လည်း  စာချုပ်ပါ အချက်အလက်များအရ  ၂ဝ၂၂ ခုနှစ် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ၎င်းပြောင်းရွှေ့လိုသည့် အသင်းသို့ စတာလင်ပေါင် ၆၄ သန်းဖြင့် ပြောင်းရွှေ့နိုင်မည်ဟု ထည့်သွင်း ချုပ်ဆိုထားခြင်းဖြစ်သည်။

ဟာလန်းနှင့် ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်များကြောင့် ဥရောပထိပ်တန်း အသင်းကြီးများ အနေဖြင့် လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် စတာလင်ပေါင် ၆၄ သန်းဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့်အတွက် အပြိုင် ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဟာလန်းကို    ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလကတည်းက ချယ်လ်ဆီးအသင်းက  တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၁၇ဝ အထိ  သတ်မှတ်ခဲ့သည့်အတွက်  အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဆီဘက်ရှန်ခါးက''ဟာလန်းနဲ့ ပတ်သက်ပြီး သတင်း တွေအမျိုးမျိုး ထွက်ပေါ်နေတယ်ဆိုပေမယ့် သူ့အနေနဲ့ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ သူအသင်းမှာ လာမယ့် ဘောလုံးရာသီအထိ ဆက်ရှိနေမယ်ဆိုတာ အသေအချာ ပြောနိုင်ပါတယ်''ဟု ပြောသည်။

လက်ရှိတွင်   ဟာလန်းအနေဖြင့်  ဒဏ်ရာရရှိနေသောကြောင့် အနားယူနေရပြီး လာမည့် နှစ်ဆန်းပိုင်းမှသာ ပြန်လည်ကစားနိုင်မည် ဖြစ်ကြောင်း သိရသည်။