အီရန်က စစ်ရေးလေ့ကျင့်နေစဉ် အမေရိကန် မောင်းသူမဲ့ လေယာဉ်များကို မောင်းထုတ်ခဲ့ရဟုဆို

အီရန်က စစ်ရေးလေ့ကျင့်နေစဉ် အမေရိကန် မောင်းသူမဲ့ လေယာဉ်များကို မောင်းထုတ်ခဲ့ရဟုဆို

အီရန်စစ်ဘက်အနေဖြင့် ပင်လယ်ကွေ့ အနီးပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုများကို ချဉ်းကပ်ရန်ကြိုးပမ်းသည့် အမေရိကန်မောင်းသူမဲ့ လေယာဉ်များကို သတိပေး မောင်းထုတ်ခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်မြင်သံကြား သတင်းဌာနက နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၉ ရက်တွင်ပြီးဆုံးသော အီရန်၏ စစ်ရေးလေ့ကျင့်မှုသည် ၂ဝ၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ်ကို ပြန်သုံးသပ်ရန် ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် အီရန်တို့ကြား  ဆွေးနွေးပွဲများ မစတင်မီ သီတင်းပတ်အနည်းငယ် အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

RQ-4 နှင့် MQ-9   အမျိုးအစား အမေရိကန်၏ မောင်းသူမဲ့လေယာဉ်များသည် အီရန်လေတပ်၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် တိကျသော သတိပေးမှုတို့ကြောင့် နယ်စပ်များကို ချဉ်းကပ်ပြီးနောက် လမ်းကြောင်း ပြောင်းသွားကြောင်း IRIB  ကဖော်ပြထားသည်။

ထိုစစ်ရေး လေ့ကျင့်မှုများအတွက် နယ်နိမိတ်သည် ဟော်မုရေလက်ကြား၏ အရှေ့ဘက်မှ အိန္ဒိယသမုဒ္ဒရာ မြောက်ဘက် နှင့် ပင်လယ်နီဒေသများအထိ ပါဝင်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂ဝ၁၈ ခုနှစ်တွင် နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ကာ အီရန် အပေါ်ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ပြီးနောက်  ပင်လယ်ကွေ့၌ အီရန်နှင့်အမေရိကန် တပ်ဖွဲ့တို့ကြား ရံဖန် ရံခါထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပွားလေ့ရှိသည်။ နျူကလီးယား သဘောတူစာချုပ်ကိုပြန်သုံးသပ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရနှင့် အီရန်အစိုးရတို့ကြား တိုက်ရိုက် ဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၉ ရက်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ပြန်စရန် စီစဉ်ထားကြောင်း သိရသည်။