အိန္ဒိယ အမျိုးသမီးများက မုန်တိုင်းဒဏ်ကို ကာကွယ်ရန် လမုပင်များ စိုက်ပျိုး

အိန္ဒိယ အမျိုးသမီးများက မုန်တိုင်းဒဏ်ကို ကာကွယ်ရန် လမုပင်များ စိုက်ပျိုး

ကမ္ဘာ့အကြီးဆုံး လမုတောဖြစ်သော ဆန်ဒါဘန်းတွင် နေထိုင်သော အိန္ဒိယအမျိုးသမီးများသည် နိုင်ငံသို့ တိုက်ခတ်နိုင်သော အင်အားပြင်း မုန်တိုင်းများ၏   ဒဏ်ကို ကာကွယ်ရန် လမုပင်ထောင်ပေါင်း များစွာကို စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

ဆန်ဒါဘန်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကမ်းရိုးတန်းကို ခွလျက်တည်ရှိပြီး ဘင်္ဂလားကျားနှင့် ဧရာဝတီလင်းပိုင် အပါအဝင် ကမ္ဘာ့အရှားပါးဆုံး တိရစ္ဆာန်မျိုးစိတ်များ နေထိုင်ကျက်စားရာ နေရာဖြစ်သည်။

ထိုသစ်တောကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားသော်လည်း ယခင်က ထိုသစ်တော၌ တရားမဝင် သစ်ပင်ခုတ်လှဲမှုများ ဖြစ်ပွားပြီးနောက် အင်အားပြင်း မုန်တိုင်းများ မကြာခဏ တိုက်ခတ်လာသည်။

ထို့ကြောင့်   ဒေသတွင်းရှိ အမျိုးသမီး အဖွဲ့တစ်ဖွဲ့သည်    ပြောင်ရှင်းနေသော ကမ်းရိုးတန်းတစ်လျှောက်ကို သစ်ပင်စိုက် ပျိုးရန် ကာလရှည် လုပ်ငန်းကိုပြီးခဲ့သည့် သီတင်းပတ်တွင်စတင်သည်။

လမုပင်များသည် ကမ်းရိုးတန်းများကို ရေတိုက်စားမှုနှင့် ပြင်းထန်သော ရာသီဥတုဒဏ်များမှ ကာကွယ်ပေးပြီး ညစ်ညမ်းမှုများ ကင်းစင်စေကာ ရေအရည်အသွေးနှင့် ရေနေသတ္တဝါများအတွက် ဂေဟစနစ်ကို ကောင်းမွန်စေကြောင်း   ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လမုပင်များသည် ၎င်းတို့၏အရွက်များ၊ ပင်စည်များ၊ အမြစ်များနှင့် မြေဆီလွှာတို့ဖြင့် တစ်နှစ်လျှင် ကာဗွန် တန်ချိန်သန်းပေါင်းများစွာကို စုပ်ယူသည့်အတွက် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာတွင် ကူညီပေးနိုင်ကြောင်း သိရသည်။