ထိုင်းနိုင်ငံက ပြည်ပအလုပ်သမားများ ဝင်ရောက်နိုင်ရေး အတွက် နယ်စပ်ဝင်ပေါက်များကို ပြန်ဖွင့်ရန် စီစဉ်

ထိုင်းနိုင်ငံက ပြည်ပအလုပ်သမားများ ဝင်ရောက်နိုင်ရေး အတွက် နယ်စပ်ဝင်ပေါက်များကို ပြန်ဖွင့်ရန် စီစဉ်

ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို စသည့်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံအတွင်းသို့ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် နယ်စပ်ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်ရန်   စီစဉ်နေကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင်ပြောသည်။

ထိုင်းအစိုးရသည် နိုင်ငံ၏ ပင်မစီးပွားရေး လုပ်ငန်းဖြစ်သော ပို့ကုန်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းကို ထိခိုက်စေသည့် အလုပ်သမား ရှားပါးပြတ်လပ်မှုကို ဖြေရှင်းသည့်အနေဖြင့် နယ်စပ်ဝင်ပေါက်များကို ပြန်ဖွင့်ရန် စီစဉ်နေခြင်းဖြစ်သည်။

တာဝန်ရှိသူများအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများအတွက်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုအခြေအနေ နှင့် ဆက်စပ်နေသည့် စည်းမျဉ်းစည်းကမ်းများ၊ ကွာရန်တင်း လုပ်ထုံးလုပ်နည်းများနှင့် ကိုဗစ်-၁၉ ရောဂါရှာဖွေ စစ်ဆေးခြင်း စသည့် စည်းမျဉ်းစည်းကမ်းများကို နိုဝင်ဘာ ၁၂ ရက်တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း  အလုပ်သမား ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပိုင်ရိုတီချိုတီကာဆာသိန်း ကပြောသည်။

အစားအစာနှင့် ရော်ဘာထုတ်ကုန်များကဲ့သို့ ထိုင်းနိုင်ငံ၏ ကြီးမားသည့် ပို့ကုန်စက်ရုံများသည် ရွှေ့ပြောင်းအလုပ်သမားများ ရရှိမှုအပေါ် များစွာ မှီခိုအားထားနေရသည်။

သို့သော် ချမှတ်ထားသော နယ်စပ်ဒေသ ထိန်းချုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကွာရန်တင်း စည်းမျဉ်းစည်းကမ်းများသည် နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်မှုကို ရပ်တန့်လုနီးပါး ဖြစ်ပွားစေသည်။

ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ယခုတစ်ကြိမ်တွင်  နိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်မည့် ပြည်ပအလုပ်သမား ၄၂ဝဝဝဝ လိုအပ်နေကြောင်း ပိုင်ရိုတီချိုတီကာဆာသိန်း ကခန့်မှန်း ပြောဆိုထားသည်။

အဆိုပါ အလုပ်သမားများသည် အများအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုနှင့် ပင်လယ်စာ စက်ရုံများတွင် အလုပ်လုပ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများစွာသည် ယခုနှစ်အစောပိုင်းက ဆိုးဝါးသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်းကြောင့်  နိုင်ငံအတွင်းမှ နေရပ်နိုင်ငံများသို့ ပြန်သွားကြကြောင်းနှင့် ထိုအလုပ်သမားများသည် ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည် လာရောက် အလုပ်လုပ်ကိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌  ကိုဗစ်-၁၉  ရောဂါပိုး ကူးစက်ခံရသူစုစုပေါင်း နှစ်သန်းနီးပါးနှင့် သေဆုံးသူ စုစုပေါင်း ၁၉၇၆၄ ဦးရှိကြောင်း၊ ရောဂါဖြစ်ပွားသူနှင့်   သေဆုံးသူ အရေအတွက် အများစုသည် ဆောက်လုပ်ရေး အိမ်ရာမှရွှေ့ပြောင်း အလုပ်သမားများကြား ဒယ်တာဗီဇပြောင်း ရောဂါပိုး ကူးစက်မှုဖြစ်သည့်  ဧပြီလတွင် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။