လူငယ် တိုက်စစ်မှူး ဗင်နီရှပ်ကို ခုနစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ရီးယဲလ်မက်ဒရစ်အသင်း သဘောတူညီမှု ရရှိ

လူငယ် တိုက်စစ်မှူး ဗင်နီရှပ်ကို ခုနစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ရီးယဲလ်မက်ဒရစ်အသင်း သဘောတူညီမှု ရရှိ

ရီးယဲလ်မက်ဒရစ် အသင်းသည် အသင်းမှ လူငယ် တိုက်စစ်ကစားသမား ဗင်နီရှပ်ကို ကာလရှည်စာချုပ် တစ်ရပ်ဖြစ်သည့် ခုနစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ် ဆိုရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ် ဗင်နီရှပ်သည် ၂ဝ၁၇ ခုနှစ် က ဖလာမင်ဂိုအသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး အစောပိုင်းက ရီးယဲလ် မက်ဒရစ်လူငယ် အသင်းတွင်သာ   ကစားခဲ့သူဖြစ်သည်။ ဗင်နီရှပ်သည် လူငယ်အသင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့်အတွက် ၂ဝ၁၈ ခုနှစ် ဇူလိုင်လက ရီးယဲလ်မက်ဒရစ် အသင်းကြီးတွင် စတင်ပါဝင် ကစားခွင့်ရရှိသူဖြစ်ပြီး လက်ရှိအသင်းနှင့် စာချုပ်သက်တမ်းမှာ ၂ဝ၂၅ ခုနှစ်မှသာ   ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

ဗင်နီရှပ်သည်   ယခုဘောလုံးရာသီတွင် နည်းပြ အန်ဆယ်လော့တီလက်အောက်၌   ပုံမှန်ပွဲထွက် ခွင့်ရရှိနေပြီး အသင်းနှင့် အကောင်းဆုံးခြေစွမ်း ပြသနေသည့်အတွက်   အသင်းနှင့် ၂ဝ၂၅ ခုနှစ်အထိ သက်တမ်း ကျန်ရှိနေသော်လည်း အသင်းတွင် ကာလရှည် ထိန်းသိမ်းထားလိုသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးခဲ့ရာမှ ယခုအခါ ခုနစ်နှစ် အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီ မှုရရှိခဲ့ခြင်းဖြစ်သည်။

လူငယ်တိုက်စစ်မှူး ဗင်နီရှပ်သည် ယခုဘောလုံး ရာသီတွင် စပိန်လာလီဂါပွဲစဉ် အားလုံးပါဝင်ကစား ခွင့်ရရှိပြီး ခုနစ်ဂိုးသွင်းယူနိုင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း   နှစ်ဂိုးအထိ   သွင်းယူပေးထားကြောင်း သိရသည်။