မွန်ပြည်နယ်ရှိ အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ရှိ အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်  နိုဝင်ဘာ  ၁ဝ

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည်  ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ရှိ    အားကစားကွင်း/ အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်မြို့ (ရာမည) မိုးလုံလေလုံ အားကစားခန်းမကို   ကြည့်ရှုစစ်ဆေး၍ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက်    အားကစားကွင်းအတွင်း  (Synthetic) ပြေးလမ်းခင်းကျင်းနေမှုနှင့် ဘောလုံးကွင်းပွဲကြည့်စင် အသစ်တည်ဆောက်မည့် နေရာတို့ကို လည်းကောင်း၊ စားပွဲတင်တင်းနစ် အားကစားရုံနှင့် မော်လမြိုင်မြို့ ကာယဗလနှင့် ကာယအလှ အားကစားခန်းမကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်လုပ်ကိုင်နိုင်ရေး မှာကြားသည်။

ဆက်လက်၍ မော်လမြိုင်မြို့ ရေကူးကန် တည်ဆောက်ရန် လျာထား မြေနေရာကို လည်းကောင်း၊ Southern Myanmar F.C ဘောလုံး အားကစားကွင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ   လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ နှင့်တွေ့ဆုံ၍   ပြည်နယ်ဝန်ကြီးချုပ်ထံ    မွန်ပြည်နယ်အတွက် အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမနှင့် ဖူဆယ်အားကစားကွင်း တည်ဆောက်နေမှုကို လည်းကောင်း၊   ကျိုက်မရောမြို့ ဘောလုံး အားကစားကွင်းကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း စိမ်းလန်းစိုပြည်ရေး၊   ပြည်သူများ   အချိန်မရွေး လာရောက် ပျော်ရွှင်စွာ ကစားနိုင်ရေးအတွက် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင် တက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်နှင့်တွေ့ဆုံ၍   မော်လမြိုင်တက္ကသိုလ်အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံကာ သင်တန်းသား၊ သင်တန်းသူများ   လေ့ကျင့်နေမှုများနှင့် အားကစားလေ့ကျင့်ရေး အဆောက်အအုံများ၊ အားကစား သမားများ၏ အိပ်ဆောင်များ၊ ဆေးခန်းနှင့် စာသင်ကျောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မွန်ပြည်နယ် အားကစားဥယျာဉ် တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။