ကန်သာအင်းလေးတည်တံ့အောင် ပေါင်းစုအားဖြင့် တို့စွမ်းဆောင်

ယမန်နေ့မှအဆက်

အင်းလေးကန်သည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါကျော်ကြားသည့် ကန်ကြီးတစ်ခု ဖြစ်သကဲ့သို့ အင်းလေးဖောင်တော်ဦး  မြတ်စွာဘုရားများသည်လည်း ဗုဒ္ဓဘာသာဝင်များ အကြား တွင် ထင်ရှားကျော်ကြားသည့်   သာသနာ့အမွေအနှစ်များဖြစ်သည်။ သာယာရှုမောဖွယ်ကောင်းသည့် အင်းလေးဒေသသည် ရှေးနှစ်ပေါင်းများစွာကပင်  ဗုဒ္ဓသာသနာ ထွန်းလင်းဝေစည်ခဲ့ပြီဖြစ်သည်။ တပ်မတော်အနေဖြင့် “ကမ္ဘာကျော်၊ ရောင်တော်မြူးသည့် ဖောင်တော်ဦး စေတီတော်” ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် အင်းလေးဒေသရှိ ဆရာတော်ကြီးများ၏ သြဝါဒများကိုခံယူပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လက်တွဲ၍ ထာဝစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက  အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်အား အချင်း ၄ ပေ ၈ လက်မ၊ အမြင့် ၃ ပေ ၂.၅ လက်မ၊ အထူ ၁ လက်မရှိ အပူချိန်နှင့်ဖိအားတို့အား သာမန်ထက်ပို၍ခံနိုင်သည့် အလင်းပေါက်(Acrylic)  အမျိုးအစား   ဖန်အုပ်ဆောင်းကို လှူဒါန်းခဲ့သည်။  တပ်မတော်သည်  ၎င်းကဲ့သို့ ဖန်အုပ်ဆောင်းမျိုးကို  မန်းရွှေစက်တော်ဘုရား ပါဒစေတီတော်၊ အောက်စက်တော်ရာမြတ်တွင်တစ်ဆူ၊ စစ်တွေမြို့ စကြာမုနိဘုရားတွင် တစ်ဆူနှင့် အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်တွင် တစ်ဆူ စုစုပေါင်း  သုံးဆူအား လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ထိုသို့လှူဒါန်းခြင်းဖြင့် လုံခြုံသန့်ရှင်းမှုကောင်းမွန်ပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း ထားနိုင်မည်ဖြစ်ပါသည်။ ၎င်းဖန်အုပ်ဆောင်းတော်အား လျှပ်စစ်မော်တာဖြင့် ထိန်းချုပ်တင်ချနိုင် သည့်အတွက် နှစ်စဉ်ကျင်းပလျက်ရှိသည့်   ဖောင်တော်ဦးမြတ်စွာဘုရားများ ဒေသစာရီလှည့်လည် ပူဇော်မှုအားလည်း လွယ်လင့်တကူ အစဉ်အလာမပျက် ဆောင်ရွက်နိုင်ပေမည်။

အင်းလေးဒေသသည် ရင်ကိုအေးမြလန်းဆန်းစေသော သဘာဝအလှအပများ၊ တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးစံများ၊ ရှေးဟောင်း ဘုရားပုထိုးများနှင့် ဗိသုကာလက်ရာများ၊ တိုင်းရင်းသားတို့၏ ပင်ကိုယဉ်ကျေးမှု၊ ဖော်ရွေရင်းနှီးစွာဆက်ဆံမှု၊ ဧည့်ဝတ်ကျေပွန်မှု  စသည်တို့ ကလည်း လာရောက်သူအပေါင်း စွဲမက်နှစ်သက်သဘောကျလေ့ရှိသည်။ အင်းလေးကန်နှင့် အင်းရေပြင်ဝယ် လှေကိုခြေဖြင့် လှော်ခတ်သွားနေသော အင်းသူအင်းသားများ၊ ရေပြင်ပေါ်တွင် ခရီးသည်တို့ထံမှ အစာတောင်းခံနေသော စင်ရော်ငှက်များက လာရောက်လည်ပတ်သူ၊ ဘုရားဖူး မြော်သူများကို ဆွဲဆောင်လျက်ရှိနေပေသည်။  ထို့ကြောင့်လည်း နှစ်စဉ် လာရောက်လည်ပတ် ကြသော ပြည်တွင်း၊  ပြည်ပခရီးသွားဧည့်သည်၊ ဘုရားဖူးဧည့်သည်များက အမြဲမပြတ်ရှိနေပေသည်။ တပ်မတော်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများအား ကာကွယ်စောင့်ရှောက်လျက်ရှိရာတွင် အမျိုး၊ ဘာသာ၊ သာသနာကိုလည်း တည်တံ့ခိုင်မြဲ ထွန်းကားပြန့်ပွားတိုးတက်အောင်   ဆောင်ရွက် လျက် ရှိပါသည်။

ထို့ကြောင့်လည်း အင်းလေးဒေသအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ သွားလာမှု ပိုမိုအဆင်ပြေ စေပြီး ဆွဲဆောင်မှုပိုမိုရှိလာစေရန်အတွက် ဖောင်တော်ဦး ဘုရားကြီးနှင့် ဘုရားပရိဝုဏ်အတွင်း ရင်သပ်ရှုမော ဖွယ်ဖြစ်စေရန်နှင့်   ပိုမိုသပ္ပာယ်လာစေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ဖန်အုပ်ဆောင်း တော်လှူဒါန်းပွဲတွင် ဘုရားရင်ပြင်တော်အား လှည့်လည်ကြည့်ရှုရာ၌ ရင်ပြင်တော်တွင် ခင်းကျင်း ထားသော  ကျောက်ပြားများမှာ နေပူခံမဟုတ်သဖြင့် ဘုရားဖူး ရဟန်းရှင်လူပြည်သူအများ အချိန်မရွေး စိတ်လက်ချမ်းသာစွာဖြင့် အေးချမ်းစွာသွားလာဘုရား ဖူးမြော်နိုင်ရန်ရည်ရွယ်၍   နေပူခံ ကျောက်ပြားများ ခင်းကျင်းလှူဒါန်းခဲ့ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်မှစ၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏  လှူဒါန်းငွေကျပ် သိန်း ၃၅၀၀ ဖြင့်  လုပ်ငန်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နေပူခံကျောက်ပြား အသစ်ခင်းခြင်း ၈၁၂၆၀ စတုရန်းပေ၊ ဆယ်တင်ပြုပြင်ပေးခြင်း ၄၇၇၈ စတုရန်းပေ စုစုပေါင်း ၈၆၀၃၈ စတုရန်းပေအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ခင်းကျင်းပြီးစီးခဲ့သည်။ နေ့စဉ်ဘုရားဖူး လာသူများ အသုံးပြုလျက်ရှိသည့်အတွက် အမြဲကုသိုလ်ရသည့် အလှူဖြစ်သည်။ တပ်မတော်သည် အင်းလေးဒေသ ဖွံ့ဖြိုးရေးအတွက် တတ်နိုင်သရွေ့ ကူညီဆောင်ရွက်မှုပင်ဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)   အင်းလေးဒေသတစ်ဝိုက်တွင် နေထိုင်ကြသော တိုင်းရင်းသားတစ်စုကို “အင်းသား”တိုင်းရင်းသားဟူ၍ ခေါ်ဝေါ်ကြသည်။ တောင်ရိုးတိုင်းရင်းသားများနှင့် ဓနုတိုင်းရင်းသား များက “အင်းသား”၊ ရှမ်းတိုင်းရင်းသားများက “အင်းမြန်မာ”၊ ပအိုဝ်းလူမျိုးများက “နောင်သား” ဟုခေါ်ကြသည်။ အဓိပ္ပာယ် အမျိုးမျိုးခေါ်ကြသော်လည်း “အင်းသား” များသည် အင်းရေပြင်ပေါ်တွင် လည်းကောင်း၊ အင်းလေးကန်ကမ်းစပ် ရေတစ်ဝက်၊ ကုန်းတစ်ဝက်တွင်လည်း ကောင်း ရွာများကို တည်ထောင်နေကြ၍ “အင်းသား တိုင်းရင်းသားများ”ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

အင်းသားတို့တွင်လည်း ၎င်းတို့၏လူမျိုးစု ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံများနှင့် ပွဲလမ်းသဘင်များသည် ကိုယ်ပိုင်ရှိကြသည်။ ၎င်းတို့ကို စဉ်ဆက်မပြတ် ထိန်းသိမ်းရန်မှာ ဒေသခံတိုင်းရင်းသားများက ပဓာနကျပြီး  နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိအဖွဲ့အစည်းများမှ ပံ့ပိုးကူညီရမည်သာဖြစ်ပါသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားဘာသာစကား၊ ယဉ်ကျေးမှုတို့အား အသိအမှတ်ပြုပြီးဖြစ်သည်။ စည်းလုံးညီညွတ်မှုသည် “အား” ကိုတိုးပွားစေသကဲ့သို့ စည်းလုံးညီညွတ်မှု ထိခိုက်ပျက်ပြား မှုများသည် စုစည်းခိုင်မာသည့် “အား” ကို ယုတ်လျော့စေမည်ဖြစ်ပါသည်။ အင်းလေးဒေသရှိ အင်းသားခြေလှော်လှေပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် အင်းလေးဒေသတစ်ခုတည်းသာရှိ၏။ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများသည် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲတွင်  အသုံးပြုရန် လိုအပ်သည့် ၄၆ တက်ပြိုင်ပွဲဝင်လှေများ တည်ဆောက်ရန် အလှူငွေကျပ်သိန်း ၃၆၀ အား လှူဒါန်းခဲ့သည်။ ထိုလှူဒါန်းငွေဖြင့် ဘုရင့်နောင်လှေ၊ အင်းသား ဂုဏ်ရည်လှေ၊  အင်းတော်ဝင်လှေနှင့် အင်းလေး ရတနာလှေတို့အား  တည်ဆောက်နိုင်ခဲ့သည်။

ထိုလှေများသည် အင်းလေးဒေသအတွင်း ရိုးရာလှေ လှော်ပြိုင်ပွဲများပြုလုပ်ခြင်း၊ ကမ္ဘာလှည့် ခရီးသွားများကို ရိုးရာဓလေ့ပြသခြင်းနှင့် မျိုးဆက်သစ် လူငယ်လူရွယ်များအား လက်ဆင့်ကမ်း အမွေပေးရာတွင် အထောက်အကူများစွာ ပြုလျက်ရှိသောကြောင့် ဒေသအတွက် များစွာအကျိုးရှိနေ ပေသည်။

အချုပ်အားဖြင့်

          “အင်းလေးဝဲယာ၊ တောင်တန်းပြာမှ

          စီးဖြာရစ်ခွေ၊ ကန်အခြေမှာ

          ရေလွှာမခန်းပါစေနှင့်။

          ငါးမည်ဂုဏ်ကြွယ်၊ ရောင်စုံခြယ်၍

          တင့်တယ်ဝေဆာ၊ ရေဇလာမှာ

          ရွှေကြာမနွမ်းပါစေနှင့်။

          လောဘဖိစီး၊ ဒေါသမီးနှင့်

          လောင်ညီးမြိုက်မြိုက်၊ အပူတိုက်၍

          စရိုက်ကြမ်းစွာ၊ အနိဋ္ဌာတွေ

          ပြေရွာမလွမ်းပါစေနှင့်”

မောင်ရွှေနွယ်(အင်းလေး)  ကရဝိက်ကျူးသံ ကဗျာအတိုင်း    တောတောင်ရေမြေသဘာဝနှင့် ဒေသခံတို့၏ ဂုဏ်ယူစရာကောင်းလှသည့် ယဉ်ကျေးမှုဓလေ့၊ ဗုဒ္ဓဘာသာများအကြား ထင်ရှား ကျော်ကြားသည့် သာသနာ့အမွေ ဖောင်တော်ဦးမြတ်စွာဘုရား တည်ရှိရာ အင်းလေးကန် မတိမ်ကောစေရေး၊ အလှအပများမပျက်စီးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် အရောင်၊ ယဉ်ကျေးမှု၊ အယူအဆမည်သို့ပင် ကွဲပြားမှုရှိစေကာမူ မြန်မာစိတ်မွေး၍ ထိန်းသိမ်းစောင့် ရှောက်ဆောင်ရွက်ရမည်သာ ဖြစ်ပါတော့သည်။  ။