အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဝင် အသင်းများ အတည်ပြုပြီးနောက် ပွဲစဉ်ဇယား အသေးစိတ်ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် အတည်ပြုထုတ်ပြန်

အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲဝင် အသင်းများ အတည်ပြုပြီးနောက် ပွဲစဉ်ဇယား အသေးစိတ်ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် အတည်ပြုထုတ်ပြန်

အာဆီယံဘောလုံး အဖွဲ့ချုပ်က  အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲဝင် အသင်းများ    အတည်ပြုပြီးနောက် ပွဲစဉ်ဇယား အသေးစိတ်ကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲကို    အာဆီယံ ဘောလုံးအဖွဲ့ချုပ်နှင့် ဆူဇူကီးမော်တော်ကား ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပခဲ့ရာ  ၂ဝ၂ဝ  ပြည့်နှစ်အတွင်းက ကျင်းပရမည်ဖြစ်သော်လည်း   ကိုဗစ်-၁၉  ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရကာ ယခုနှစ်ကုန်ပိုင်းမှသာ ကျင်းပနိုင်မည်ဖြစ်သည်။

အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို    ယခင်က အာဆီယံဒေသတွင်း ပြိုင်ပွဲဝင်အသင်း ၁၁ သင်းစလုံး အုပ်စုအဆင့်မှ တိုက်ရိုက်စတင် ကစားရသော်လည်း    လာမည့်ပြိုင်ပွဲကို ပုံစံသစ်ပြောင်းလဲမှု အရ အာဆီယံဒေသတွင်း အဆင့်သတ်မှတ်ချက် (၁) မှ (၉) နေရာ အထိ အသင်းကိုးသင်းက အုပ်စုအဆင့်မှ တိုက်ရိုက် ဝင်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် (၁ဝ)နေရာမှ ဘရူနိုင်း အသင်းနှင့် အဆင့် (၁၁) နေရာမှ တီမောအသင်းတို့ အနေဖြင့်    ရှုံးထွက်ခြေစစ်ပွဲတစ်ပွဲ ကစားပြီးမှသာ အနိုင်ရရှိသည့်အသင်းက အုပ်စုအဆင့် တက်ရောက်ရမည်ဖြစ်သည်။

သို့သော် ခြေစစ်ပွဲကစားရမည့် ဘရူနိုင်းအသင်း က နုတ်ထွက်ခဲ့သည့်အတွက် တီမောအသင်း အနေဖြင့် ခြေစစ်ပွဲကစားရမည် မဟုတ်ဘဲ အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ခွင့် ရရှိပြီးနောက် ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းစလုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။

အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ပြိုင်ပွဲပုံစံသစ် ပြောင်းလဲမှုနှင့်အတူ လာမည့် ပြိုင်ပွဲကိုလည်း အိမ်ရှင် နိုင်ငံတစ်နိုင်ငံ ရွေးချယ်ခဲ့ရာ အိမ်ရှင်အဖြစ် စင်ကာပူနိုင်ငံက လက်ခံ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲဝင် အသင်း  ၁ဝ သင်းစလုံး အတည်ပြုနိုင်ခဲ့ပြီးနောက်   ပြိုင်ပွဲ  ပွဲစဉ်ဇယား အသေးစိတ်ကို ထုတ်ပြန်ခဲ့ရာ အုပ်စု (A) ပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ လည်းကောင်း၊ အုပ်စု (B) ပွဲစဉ်များကို ဒီဇင်ဘာ ၆ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊    ဆီမီးဖိုင်နယ်အဆင့်    ပထမအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လည်းကောင်း၊ ဒုတိယ အကျော့ပွဲစဉ်များကို ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် လည်းကောင်း၊ ဗိုလ်လုပွဲ ပထမအကျော့ ပွဲစဉ်ကို ဒီဇင်ဘာ ၂၉ ရက်နှင့် ဒုတိယအကျော့ ပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနားကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် လည်းကောင်း ကျင်းပမည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၌   ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာသည့်  တီမောအသင်းသည်  အုပ်စုမဲခွဲမှုအရ အုပ်စု(A) တွင် မြန်မာ့လက်ရွေးစင်အသင်း၊ အိမ်ရှင် စင်ကာပူအသင်း၊ ထိုင်းအသင်း၊ ဖိလစ်ပိုင်အသင်း  တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အုပ်စုပွဲစဉ်များအဖြစ်  ဒီဇင်ဘာ  ၅  ရက်တွင်  ထိုင်းအသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် တီမောအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် အိမ်ရှင် စင်ကာပူအသင်းနှင့် အသီးသီး ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။