မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ဥရောပလေ့ကျင့်ရေး ခရီးစဉ်ဖြစ်သည့် ပထမဆုံး ခြေစမ်းပွဲစဉ်တွင် တူရကီကလပ် Manavgat  Belediyesporအသင်းကို အနိုင်ရရှိ

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ဥရောပလေ့ကျင့်ရေး ခရီးစဉ်ဖြစ်သည့် ပထမဆုံး ခြေစမ်းပွဲစဉ်တွင် တူရကီကလပ် Manavgat  Belediyesporအသင်းကို အနိုင်ရရှိ

ဥရောပ   လေ့ကျင့်ရေး ခရီးစဉ်အဖြစ် တူရကီနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည်   လေ့ကျင့်ရေး ခရီးစဉ်အတွင်း   ပထမဆုံး ခြေစမ်းပွဲစဉ်အဖြစ် နိုဝင်ဘာ ၁ဝ ရက် မြန်မာစံတော်ချိန် ည ၆ နာရီက တူရကီအပျော်တမ်းလိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် Manavgat Beledi-yespor အသင်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း  နည်းပြ အန်တွမ်နီဟေးက အဆိုပါခြေစမ်းပွဲစဉ် ပထမပိုင်းတွင် ဂိုးသမားအဖြစ် မျိုးမင်းလတ်၊ အောင်ဝဏ္ဏစိုး၊  ရဲမင်းသူ၊  ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ မောင်မောင်ဝင်း၊ နေမိုးနိုင်၊ အောင်နိုင်ဝင်း၊  မြတ်ကောင်းခန့်၊  မျိုးကို ထွန်းနှင့် ဝင်းနိုင်ထွန်းတို့ကို အသုံးပြုခဲ့ပြီး ပွဲချိန်  ၄၁  မိနစ်တွင်  ဝင်းနိုင်ထွန်း၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့သည်။

ဒုတိယပိုင်းတွင် နည်းပြအန်တွမ်နီဟေး က ဂိုးသမား စိုးအာကာ၊ ဒေးဗစ်ထန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ သန်းပိုင် စသည့် ကစားသမားတို့ကို  အသုံးပြုခဲ့ပြီး  ပွဲချိန်  ၆၅  မိနစ်တွင် မောင်မောင်လွင်က အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။

ထိုသို့ မြန်မာအသင်း ဦးဆောင်ဂိုး နှစ်ဂိုး ရရှိပြီးနောက်ပိုင်း Manavgat Beledi-yespor အသင်းက ပြန်လည် တိုက်စစ်ဆင် ဖိအားပေး ကစားခဲ့ရာမှ ပွဲချိန် ၇၅ မိနစ်တွင်   ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း   ပွဲပြီးဆုံးချိန်အထိ   နှစ်သင်းစလုံး ထပ်မံဂိုး သွင်းယူနိုင်ခြင်း မရှိတော့သည့်အတွက်  ပွဲပြီးဆုံးချိန်တွင် မြန်မာ့လက်ရွေးစင် အသင်းက Manavgat Belediyespor အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပ လေ့ကျင့်ရေး ခရီးစဉ်အတွင်း တူရကီနိုင်ငံ၌ ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်တွင် အာဖရိကကလပ် အသင်းတစ်သင်းဖြစ်သည့် ဘူရန်ဒီအသင်းနှင့် လည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်   အသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် လည်းကောင်း ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း သိရသည်။