မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဝါးပေါက်ရောက်မှုဧရိယာ တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည် လျက်ရှိသည်။ မျက်မှောက်ခေတ်ကာလတွင် မြေယာအသုံးချမှု အမျိုးမျိုးရှိပြီး တချို့နေရာဒေသ များ၌ ရွှေ့ပြောင်းတောင်ယာစနစ် ရှိနေသေးခြင်းနှင့် ထုတ်ယူသုံးစွဲမှုများခြင်းတို့ကြောင့် ဝါးတောများ လျော့ပါးလာသည်။
အနာဂတ်တွင် လူဦးရေတိုးပွားလာ၍ မြို့ပြအဆောက်အအုံများ တိုးချဲ့ခြင်း၊ စက်မှု လုပ်ငန်းများ တိုးချဲ့ခြင်းနှင့် သီးနှံစိုက်ခင်း များတိုးချဲ့ခြင်း စသည်တို့ကြောင့် ဝါးတောများ ထပ်မံလျော့နည်း လာဦးမည်ဖြစ်သည်။ ဝါးသည် ကျေးလက်နေပြည်သူများအတွက် မရှိမဖြစ်လိုအပ်သောကြောင့် ဝါးစိုက်ခင်းများကို စဉ်ဆက်မပြတ် တည်ထောင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ဒေသအလိုက် သဘာဝအလျောက် ပေါက်ရောက်သော ဝါးမျိုးစိတ် ၁၂၀ ခန့်ရှိသည်။ မြန်မာနိုင်ငံ၌ နေရာဒေသအလိုက် သစ်အစားထိုးအသုံးပြုရေးအတွက် ထုတ်လုပ်ရန်သော် လည်းကောင်း၊ မျှစ်ထုတ်လုပ်ရန်သော်လည်းကောင်း၊ အသုံးအဆောင်၊ အလှဆင်၊ လက်မှုပစ္စည်း များ ထုတ်လုပ်ရန်သော်လည်းကောင်း အရည်အသွေးကောင်း ဈေးကွက်ဝင်ဝါးမျိုး စိတ်များ ပေါများစွာရှိသည်။
မြန်မာနိုင်ငံသည် ၁၉၇၀ ပြည့်နှစ်ကတည်းက ဝါးမျှင်မှ ရေရွန်(Rayon) နှင့် ဝါးသစ်မှ အမာခံ ဘုတ်ပြား (Hard board) ထုတ်လုပ်အောင်မြင်ခဲ့သဖြင့် ကမ္ဘာပေါ်၌ ပထမဆုံး အောင်မြင်စွာ ထုတ်လုပ်နိုင်သော နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်က မူပိုင်ခွင့်တင်ထားခဲ့ကြောင်း သိရ သည်။ ၁၉၉၄-၁၉၉၅ ခုနှစ်မှစ၍ ဝါးဖြင့် တူထုတ်လုပ်သည့်စက်ရုံများ တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်လာပြီး နောက်ပိုင်း ဝါးကြမ်းခင်းပါကေးစက်ရုံများလည်း ပေါ်ပေါက်ခဲ့သည်။
၁၉၈၄ ခုနှစ်ခန့်မှစ၍ မျှစ်ခြောက်ပြုလုပ်ပြီး ဂျပန်နိုင်ငံသို့တင်ပို့နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း ကုန်ကြမ်းအခက်အခဲ၊ အရည်အသွေးနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု အခက်အခဲများကြောင့် ရပ်တန့် သွားကြောင်းသိရသည်။ နိုင်ငံအသီးသီး၌ လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ သဘာဝအစား အသောက်နှင့်ပစ္စည်းများကို တန်ဖိုးထား သုံးစွဲလာကြသည်။ ဝါးဖြင့်ထုတ်လုပ်သော ပရိဘောဂ၊ အဆောက်အအုံ၊ အသုံး အဆောင်ပစ္စည်း၊ အစားအသောက်နှင့် အဝတ်များကိုပါ တွင်ကျယ်စွာ သုံးစွဲလာကြသည်။ တရုတ်နိုင်ငံမှ ကြွေထည်၊ မြေထည်၊ ဓာတ်ဘူး၊ တယ်လီဖုန်း စသည်တို့၏ Cover ကို ဝါးဖြင့်ထုတ်လုပ်ခြင်းဖြင့် ဝါးပစ္စည်းများ တန်ဖိုးပိုမိုမြင့်တက်သွားသည်။
ကမ္ဘာ့ဝါးဈေးကွက်၌ ဝါးနှင့် ဝါးထွက်ပစ္စည်း ထုတ်လုပ်ရောင်းချမှုတွင် တရုတ်နိုင်ငံမှ အများဆုံး ဖြစ်သည်။ မျှစ်ကိုလည်း ယခင်က အာရှနိုင်ငံများ၌သာ စားသုံးမှုများပြီး မျက်မှောက်ခေတ်တွင် မျှစ်၌ အာဟာရဓာတ် ကြွယ်ဝစွာပါရှိသဖြင့် အမေရိကန်နှင့် ဥရောပနိုင်ငံများကပါ တွင်တွင် ကျယ်ကျယ် စားသုံးလာကြသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှလည်း နှစ်စဉ် မျှစ်တန်ချိန် တစ်သိန်းခန့် ထုတ်လုပ်တင်ပို့လျက်ရှိသည်။ ဝါးထုတ်လုပ်သုံးစွဲမှုသည် ပြည်တွင်း ဈေးကွက်သာမက ပြည်ပ ဈေးကွက်၌ပါ နှစ်စဉ်လိုအပ်ချက်များစွာ ရှိနေမည် ဖြစ်သည်။
ဝါးစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် သစ်အစားထိုး အသုံးပြုနိုင်မည်ဖြစ်သည်။ အကြောင်းမှာ သစ်ပင် တစ်ပင်စိုက်ပျိုးလျှင် အနည်းဆုံး ၂၅ နှစ်မှ နှစ် ၃၀ အချိန်ယူပြီးမှ ခုတ်ယူ သုံးစွဲနိုင်မည်ဖြစ်ပြီး ဝါးစိုက်ပျိုးလျှင် ငါးနှစ်ခန့်ဖြင့် ထုတ်ယူသုံးစွဲနိုင်သည်။ ဝါးစိုက်ခင်းများကို အောင်မြင်စွာတည် ထောင်နိုင်ရေး ဝါးစိုက်ပျိုးသူများအနေဖြင့် စီမံချက်ချ၍ ဆောင်ရွက်ရန်လိုအပ်သည်။ စီမံချက် မရှိပါက အောင်မြင်မှုမရရှိနိုင်ပေ။ မိမိဝါးစိုက်ပျိုးမည့်နေရာ အဝန်းအဝိုင်း၌ တည်ရှိသော ဝါးပင်များ၊ တခြားအပင်များ၊ သီးနှံပင်များ၊ ရေထွက်နေရာများနှင့်မြေပြင် အခြေအနေကို ပုံကြမ်းဆွဲ၍ ပုံစံထုတ်လုပ်ပြီး နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကာ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။
ဝါးကိုအခြေခံပြီး သစ်မာ၊ စိုက်ပျိုးသီးနှံ၊ အထွက်နှုန်း၊ အရည်အသွေးနှင့် ယင်း၏ အကျိုးဆက် များအပေါ် အာရုံစိုက်၍ လူမှုရေး၊ ခိုင်မြဲသောစီးပွားရေး အကျိုးအမြတ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်သည်။ ဝါးစိုက်ပျိုးသူများသည် ရည်ရွယ်ချက် အမျိုးမျိုးရှိနိုင်သည်။ တချို့သောဝါးစိုက်ပျိုးသူများသည် သစ်အစားထိုးရန်နှင့် မျှစ်ထုတ်လုပ်ရန် ရည်ရွယ်စိုက်ပျိုးပြီး တချို့က ဝါးကိုအခြေခံ၍ သီးနှံသစ်တော ရောနှော စိုက်ပျိုးကြသည်။ တချို့က ဝါးကိုအခြေခံပြီး စားကျက်စိုက်ပျိုး၍ တိရစ္ဆာန် မွေးမြူရေး ဆောင်ရွက်ကြသည်။ မျက်မှောက်ခေတ်၌ လွှတ်ကျောင်းမွေးမြူသော ကြက်၏အသားနှင့်ဥသည် ဈေးကောင်း ရရှိသောကြောင့် ဝါးခြံအတွင်း ကြက်မွေးခြင်းဖြင့် ဝါးပင်ကိုဖျက်ဆီးမည့် ခြ၊ ပိုးမွှား၊ ပိုးတုံးလုံး၊ ပိုးဥများကို ကြက်များက စားသုံးပြီး ဝါးပင်ဖြစ်ထွန်းရေးအတွက် အထောက်အကူ ဖြစ်စေသည်။
စနစ်တကျစီမံ၍ စိုက်ခင်းများတည် ထောင်နိုင်ခြင်းကြောင့် အရည်အသွေး ကောင်းဝါးများ စိုက်ပျိုးထုတ်လုပ်နိုင်ပြီး လုံလောက်သော ကုန်ကြမ်းများရရှိခြင်းဖြင့် ကုန်ချောထုတ်လုပ်နိုင်သော စက်ရုံ၊ အလုပ်ရုံများ တည်ထောင်နိုင်မည်ဖြစ်သည်။ စိုက်ခင်းကြီးများတည်ထောင်၍ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ဒေသအလိုက် ဝါးမျိုးရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် သစ်တော ပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ အတွေ့အကြုံရှိသူများ၊ မွေးမြူရေးနှင့် စားသောက်ကုန်ထုတ် ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ဝါးစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖြစ်သည်။
ဝါးပင်စိုက်ပျိုးခြင်းဖြင့် ဝါးရွက်အကိုင်းအခက်များသည် စီလီကာဓာတ်ပါဝင်ပြီး ဝါးရွက်သည် နိုက်ထရိုဂျင်ဓာတ် သုည ဒသမ ၈ ရာခိုင် နှုန်းမှ ၁ ရာခိုင်နှုန်းအထိ ပါဝင်၍ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်စေသည်။ ဝါးမြစ်များက ရေကို စုပ်ယူထိန်းသိမ်းနိုင်ခြင်းကြောင့် မြေဆီလွှာတိုက်စားမှု ကို ကာကွယ်ထိန်းသိမ်းပေးနိုင်သည်။ ဝါးပင်အောက်နှင့် မြေကြီးအတွင်း ရွက်ဆွေးမြေသြဇာနှင့် တီကောင်များပေါများသည်။ ဝါးပင်များသည် ရေကိုစုပ်ယူထိန်းသိမ်းနိုင်ပြီး သဘာဝအင်းအိုင်၊ ချောင်းမြောင်းများမှ ရေကို သန့်ရှင်းစေခြင်းကြောင့် ငါး၊ ပုစွန်စားကျက်နှင့် သားပေါက်ဧရိယာကို ကောင်းမွန်စေသည်။ မျက်မှောက်ခေတ်တွင် သစ်တော၊ ဝါးတောများလျော့နည်းလာ၍ ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ရေချိုရေသန့် ရှားပါးမှုများနှင့် တွေ့ကြုံရသဖြင့် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် များစွာရိုက်ခတ်လာသည်။ သို့ဖြစ်၍ သစ်တောများကို မဖြစ်မနေ စီမံစိုက်ပျိုး ထိန်းသိမ်းဆောင်ရွက်ရန် အဓိကလိုအပ်ချက်ဖြစ်လာသည်။
သစ်တောများ ပြန်လည်ပြုစုစိုက်ပျိုးသည့်အခါ ဝါးပင်များနှင့် ပေါင်းစပ်စိုက်ပျိုး ခြင်းဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်၍ ရာသီဥတု တည်ငြိမ်လာမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူဦးရေ သန်း ၆၀၀ သည် ဝါးကိုအမှီပြုနေရသည်။ ဝါးစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး ဝင်ငွေရရှိသဖြင့် ဆင်းရဲမှုကို လျှော့ချနိုင်သည်။ ဝါးထုတ်ကုန် များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်း ဖြင့် နိုင်ငံဘဏ္ဍာတိုးတက်ရရှိမည်ဖြစ် သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၇၀ ရာခိုင်နှုန်းသော ပြည်သူလူထုသည် ကျေးလက်နေပြည်သူများဖြစ်ကာ စိုက်ပျိုးရေးကို အမှီပြု လုပ်ကိုင်စားသောက် နေထိုင်ကြသည်။ စိုက်ပျိုးရေးသည် ရေမြေရာသီဥတုကို အဓိကအမှီပြုနေရသဖြင့် ရေမြေရာသီ ဥတုမျှတကောင်းမွန်စေရန် သစ်တောများ ပြန်လည်ပြုစုစိုက်ပျိုးရေးကို မဖြစ်မနေ စီမံ ဆောင်ရွက် ရမည်ဖြစ်သည်။ သစ်တောများ ပြန်လည်ပြုစုစိုက်ပျိုးရာတွင် ဝါးသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အကူပြုပြီး ဘက်စုံအသုံးဝင်၍ ဝါးပင်များနှင့် ပေါင်းစပ်စိုက်ပျိုး ခြင်းဖြင့် အချိန်တိုအတွင်း သစ်တောများ ရှင်သန်ဖွံ့ဖြိုးစေသည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေသည်။ သို့ဖြစ်ပါ၍ ဝါးပင်များကို ဟန်ချက်ညီ ဂေဟစနစ်ရှင်သန် ဖွံ့ဖြိုးစေရန် တာဝန်တစ်ရပ်အနေဖြင့် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။
ရတနာစိုး