ဘယ်လာရု-ပိုလန်နယ်စပ်၌ ဖြစ်နေသည့်ပဋိပက္ခနှင့် ပတ်သက်၍ ရုရှားနိုင်ငံက ဝင်ပါရန်မရှိဟုဆို

ဘယ်လာရု-ပိုလန်နယ်စပ်၌ ဖြစ်နေသည့်ပဋိပက္ခနှင့် ပတ်သက်၍ ရုရှားနိုင်ငံက ဝင်ပါရန်မရှိဟုဆို

ဘယ်လာရု-ပိုလန်နယ်စပ်၌ ဖြစ်ပွားနေသည့် ရွှေ့ပြောင်းဒုက္ခသည် ပဋိပက္ခနှင့် ပတ်သက်၍ ရုရှားနိုင်ငံက ဝင်ပါရန်မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာဗျူးတစ်ခုတွင် ပြောသည်။

ရုရှားနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည် ထောင်ပေါင်းများစွာကို  ဥရောပသမဂ္ဂ နယ်စပ်သို့ စေလွှတ်ခြင်းအတွက် ဘယ်လာရု အစိုးရနှင့် လက်တွဲဆောင်ရွက်နေကြောင်း ပိုလန်နိုင်ငံနှင့် အနောက်နိုင်ငံများက ဝေဖန်ပြီးနောက် ပူတင်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းဒုက္ခသည် ရာပေါင်းများစွာသည် အဆိုပါ ဘယ်လာရု-ပိုလန်နယ်စပ်၌ ပိတ်မိနေစဉ် ဥရောပခေါင်းဆောင်များ အနေဖြင့် ထိုပဋိပက္ခကို ဖြေရှင်းလိုပါက ဘယ်လာရုသမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနှင့် ဆွေးနွေးရန်လိုအပ်မည်ဟု ပူတင်က ပြောသည်။

ထို့ပြင် ဘယ်လာရုသမ္မတနှင့် ဂျာမနီဝန်ကြီးချုပ်တို့ အနေဖြင့်   အပြန်အလှန် ဆွေးနွေးရန် အသင့်ဖြစ်နေပြီဟု သိရှိထား ကြောင်း၊ ထိုသို့ဆွေးနွေးမှုသည် မကြာမီ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းဆွေးနွေးပွဲသည် အလွန် အရေးကြီးကြောင်း ပူတင်က ဆက်ပြောသည်။

ယခုဖြစ်ပေါ်နေသည့်   ပဋိပက္ခများ အားလုံးသည်   ဘယ်လာရုနိုင်ငံကြောင့် မဟုတ်ကြောင်း၊ ထိုပြဿနာများ အားလုံးကို ဥရောပနိုင်ငံများ အပါအဝင် အနောက်နိုင်ငံများကိုယ်တိုင် ဖန်တီးနေခြင်းဖြစ်ကြောင်း ပူတင်က ဆိုသည်။