ရုရှားက အိန္ဒိယသို့ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်များ စတင်ပို့ဆောင်

ရုရှားက အိန္ဒိယသို့ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်များ စတင်ပို့ဆောင်

ရုရှားအနေဖြင့် အိန္ဒိယ၏ လေကြောင်းကာကွယ်ရေး စွမ်းရည်များကိုမြှင့်တင်ရန် ထိုနိုင်ငံသို့ S-400 Triumf  အမျိုးအစား လေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင်ပို့ဆောင်နေပြီဖြစ်ကြောင်း   ရုရှားစစ်ဘက်ပူးပေါင်းရေး ဌာနမှ တာဝန်ရှိသူ ဒီမီထရီရှူဂါယက်၏ ပြောဆိုချက်ကို ကိုးကား၍ Interfax  သတင်းဌာနက ထုတ်ပြန်သည်။

S-400သည် ရုရှား၏ ခေတ်အမီဆုံးမြေပြင်မှ  ဝေဟင်တာဝေးပစ် ဒုံးကျည်ကာကွယ်ရေး စနစ်ဖြစ်ပြီး ထိုကာကွယ်ရေး စနစ်များ၏ ပထမဆုံး အသုတ်သည် အိန္ဒိယသို့ ယခုနှစ်ကုန်တွင်  ရောက်ရှိပြီးဖြစ်မည် ဖြစ်ကြောင်း  ဒီမီထရီရှူဂါယက်က ပြောသည်။

S-400လေကြောင်းရန် ကာကွယ်ရေးစနစ်များ၏ အစိတ်အပိုင်းများသည် အိန္ဒိယသို့ စတင်ရောက်ရှိနေပြီး ထိုပစ္စည်းများကို နိုင်ငံအနောက်ပိုင်း နယ်စပ်အနီး တည်နေရာတစ်ခု၌   ပထမဆုံး ဖြန့်ကြက်မည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေး လုပ်ငန်း၏ သတင်းအရင်းအမြစ်များကပြောသည်။

ရုရှားအနေဖြင့်   ထိုလေကြောင်းရန် ကာကွယ်ရေးစနစ်တွင် ပါဝင်သော ပစ္စည်းများကို ရေကြောင်းနှင့် လေကြောင်းနှစ်ခု စလုံးမှတစ်ဆင့် ပို့ဆောင်နေကြောင်း သတင်းအရင်းအမြစ်များက ဆက်ပြောသည်။

ထိုကာကွယ်ရေး စနစ်များသည် ကီလိုမီတာ ၄ဝဝ အကွာအဝေးရှိ   ရန်သူ့လေယာဉ်နှင့် အနိမ့်ပျံဒုံးကျည်များကို ချေမှုန်းဖျက်ဆီး နိုင်သည့်အတွက်  အိန္ဒိယနိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း    သိရသည်။