ကမ္ဘောဒီးယားက ကာကွယ်ဆေး ထိုးပြီးသည့် ခရီးသွားများအတွက် ကွာရန်တင်းဝင်ရမည့် ကန့်သတ်ချက်ကို ရုပ်သိမ်းမည်

ကမ္ဘောဒီးယားက ကာကွယ်ဆေး ထိုးပြီးသည့် ခရီးသွားများအတွက် ကွာရန်တင်းဝင်ရမည့် ကန့်သတ်ချက်ကို ရုပ်သိမ်းမည်

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်  နိုင်ငံအတွင်းသို့ လာရောက်မည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးသည့် ခရီးသွားများ အတွက် ကွာရန်တင်း ဝင်ရမည့် ကန့်သတ်ချက်ကို  နိုဝင်ဘာ ၁၅ ရက်မှစ၍ ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း  ဝန်ကြီးချုပ် ဟွန်ဆန်က နိုဝင်ဘာ ၁၄ ရက်တွင် ပြောသည်။

ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံအတွင်း၌ ၁၈ လကျော်ကြာ ချမှတ်ထားသည့် ခရီး သွားများအတွက် ကွာရန်တင်းဝင်ရန် ကန့်သတ်ချက် ရုပ်သိမ်းကြောင်းကို  လူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

ခရီးသွားများအနေဖြင့် နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်နိုင်ရန်   ကိုဗစ်-၁၉ ရောဂါမရှိကြောင်း ၇၂ နာရီအတွင်း  စစ်ဆေးထားသည့် ထောက်ခံချက်နှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်း     သက်သေခံ လက်မှတ်တို့ကို   ပြသရမည်ဖြစ်ကြောင်း ဟွန်ဆန်ကပြောသည်။

ထိုသို့ပြသနိုင်ပါက ပြည်ပမှခရီးသွားများ နှင့် ပြည်တွင်းမှ ခရီးသွားများ အားလုံး နိုဝင် ဘာ ၁၅ ရက်မှစ၍ ကွာရန်တင်းဝင်ရန်မလိုတော့ဘဲ လည်ပတ်နိုင်မည်ဖြစ်သည်။

သို့သော် ကာကွယ်ဆေးမထိုးရသေးသည့် မည်သူမဆို  နိုင်ငံအတွင်း လည်ပတ်လိုပါက ကွာရန်တင်း ၁၄ ရက်ဝင်ရမည် ဖြစ်ကြောင်း ဟွန်ဆန်က ဆက်ပြောသည်။

လူဦးရေ ၁၆ သန်းကျော်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံသည် ပြည်သူ ၉ဝ ရာခိုင်နှုန်း နီးပါးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးပြီးဖြစ်ကာ ယင်းသို့ ကာကွယ်ဆေး ထိုးပေးနိုင်မှုသည် အာရှဒေသ၏ ကာကွယ် ဆေးထိုးနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် သို့ ရောက်ရှိစေကြောင်း သိရသည်။