အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြဆောက်ဂိတ်ကို လုပ်ခလစာ တိုးမြှင့်ပြီး  ၂ဝ၂၄ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုမည်

အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြဆောက်ဂိတ်ကို လုပ်ခလစာ တိုးမြှင့်ပြီး  ၂ဝ၂၄ ခုနှစ်အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုမည်

အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်(FA)က ပရီးမီးယားလိဂ်ကလပ် အသင်းများ၏ စောင့်ကြည့်ခြင်း ခံနေရသည့် အင်္ဂလန်အသင်း နည်းပြဆောက်ဂိတ်ကို လုပ်ခလစာတိုးမြှင့်ပေးပြီး ၂ဝ၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အသက် ၅၁ နှစ်အရွယ် နည်းပြဆောက်ဂိတ်သည် အင်္ဂလန်အသင်းကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလက စတင်တာဝန်ယူခဲ့ခြင်း ဖြစ်ပြီး ၂ဝ၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင်  စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည့် အတွက်  ၂ဝ၂၄  ခုနှစ်အထိ  သက်တမ်းတိုးစာချုပ် ချုပ်ဆိုကာ တာဝန်ယူ ကိုင်တွယ်စေမည်ဖြစ်သည်။

နည်းပြဆောက်ဂိတ်သည် ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်အောင်  စွမ်းဆောင်နိုင်ခဲ့သော်လည်း အီတလီအသင်းကိုရှုံးနိမ့်ပြီး  ဒုတိယဆုဖြင့်သာ  ကျေနပ်ခဲ့ရသည်။

လက်ရှိ ပရီးမီးယားလိဂ်ကလပ် အသင်းများတွင် နည်းပြအပြောင်းအလဲ များစွာပြုလုပ်နေပြီး နည်းပြ ဆောက်ဂိတ်ကိုလည်း ကမ်းလှမ်းမှုများ ပြုလုပ်လာနိုင် သည့် အခြေအနေများကြောင့် အင်္ဂလန်နိုင်ငံဘောလုံး အဖွဲ့ချုပ်က  နည်းပြဆောက်ဂိတ်ကို  သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ပြီး နောက် လက်ရှိတွင် လုပ်ခလစာ တိုးမြှင့်ပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်   သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဆောက်ဂိတ်သည် တစ်နှစ်လုပ်ခလစာ စတာလင်ပေါင် သုံးသန်း ရရှိနေသူဖြစ်ပြီး နှစ်သန်းထပ်မံ တိုးမြှင့်ကာ စတာလင်ပေါင် ငါးသန်းဖြင့် သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။