လီဗာပူးမြို့၌ဖြစ်ပွားသော အငှားကားပေါက်ကွဲမှုက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်

လီဗာပူးမြို့၌ဖြစ်ပွားသော အငှားကားပေါက်ကွဲမှုက အကြမ်းဖက် တိုက်ခိုက်မှုဖြစ်

အင်္ဂလန်နိုင်ငံမြောက်ပိုင်း လီဗာပူးမြို့၌ နိုဝင်ဘာ ၁၄ ရက်တွင်ဖြစ်ပွားသော အငှား ကားတစ်စီးပေါ် ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲမှုသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး ထိုဖောက်ခွဲရေး ပစ္စည်းများကို အငှားကားပေါ် လိုက်ပါလာသည့်  ခရီးသည်က ယူဆောင်လာခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် သည်။

အငှားကားသည် လီဗာပူးအမျိုးသမီး ဆေးရုံအပြင်ဘက်၌ ပေါက်ကွဲခြင်းဖြစ်ပြီး ခရီးသည် သေဆုံးကာ ယာဉ်မောင်းမှာ ဒဏ်ရာရရှိကြောင်းနှင့်  ၎င်းကို ဆေးကုသမှုပေးကာ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ရဲတပ်ဖွဲ့အနေဖြင့်  အငှားကားပေါ် လိုက်ပါလာသော ခရီးသည်မှာ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိသော်လည်း  ထုတ်ဖော် ပြောဆိုထားခြင်း မရှိပေ။

မည်သည့်အတွက်ကြောင့် ထိုဖြစ်စဉ် ဖြစ်ပွားရသည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အခြေ အနေအားလုံးကို ထောက်ရှု၍ အကြမ်းဖက်မှုအဖြစ် ကြေညာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း အနောက် မြောက်ပိုင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရတ်ဂျက်ဆန် ကပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသက်၂၉ နှစ်၊ ၂၆ နှစ်နှင့် ၂၁ နှစ်ရှိ အမျိုးသားသုံးဦးကို နိုဝင်ဘာ ၁၄ ရက်တွင် ဖမ်းဆီးထားပြီး အသက် ၂ဝ ရှိ အခြား အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၁၅ ရက်တွင် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အငှားကား    ယာဉ်မောင်းအနေဖြင့် ဆေးရုံသို့ သွားလိုသော ခရီးသည်ကို ကားဖြင့် ခေါ်ဆောင်လာကြောင်း၊  သို့သော် ထိုခရီးသည်အနေဖြင့် မည်သည့်အတွက်ကြောင့် ဆေးရုံသွားရသည်နှင့် ယာဉ်ပေါ် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းတို့ကို ယာဉ်မောင်းက မသိကြောင်း ရတ်ဂျက်ဆန်က သတင်းထောက်များကို ပြောသည်။

ထိုပေါက်ကွဲမှုသည် လီဗာပူးခရစ်ယာန် ဘုရားကျောင်းကြီး၌   စစ်ပွဲအတွင်း သေဆုံးသူများကို ဂုဏ်ပြုသော အောက်မေ့ဝတ်ပြုပွဲ အခမ်းအနား မစတင်မီ  တစ်မိနစ်အလိုတွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း  သိရသည်။