ဖိုင်ဇာ၊ ဘိုင်အိုအန်တက်နှင့် မိုဒါနာတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှ တစ်မိနစ်တိုင်း အမြတ်ငွေဒေါ်လာ ၆၅ဝဝဝ ရရှိနေ

ဖိုင်ဇာ၊ ဘိုင်အိုအန်တက်နှင့် မိုဒါနာတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှ တစ်မိနစ်တိုင်း အမြတ်ငွေဒေါ်လာ ၆၅ဝဝဝ ရရှိနေ

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော်လည်း ဖိုင်ဇာ၊ ဘိုင်အိုအန်တက်နှင့် မိုဒါနာ ကုမ္ပဏီတို့အနေဖြင့် ၎င်းတို့၏အောင်မြင်သော  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှ တစ်မိနစ်တိုင်း အမြတ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၆၅ဝဝဝ ရရှိနေကြောင်း လေ့လာမှုတစ်ခု အရသိရသည်။

ထိုကုမ္ပဏီများသည် ၎င်းတို့၏ ကာကွယ်ဆေးအများစုကို ချမ်းသာသော နိုင်ငံများထံ ရောင်းချထားပြီး ဝင်ငွေနည်းသော နိုင်ငံများကို ထောက်ပံ့ခြင်း မရှိကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျယ်ပြန့်စွာ ရရှိရေး ဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ဆေးမဟာမိတ်အဖွဲ့(PVA)က ပြောသည်။

ထို့ကြောင့်  ယင်းကုမ္ပဏီများသည် တစ်စက္ကန့်လျှင် ဒေါ်လာ ၁ဝဝဝ ကျော်၊ တစ်မိနစ်လျှင်  ဒေါ်လာ ၆၅ဝဝဝ နှင့် တစ်ရက်လျှင် ဒေါ်လာ ၉၃ ဒသမ ၅ သန်းဖြင့် ယခုနှစ်တွင် အခွန်မဆောင်မီ အမြတ်ငွေ ဒေါ်လာ ၃၄ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း ထိုအဖွဲ့က ခန့်မှန်းထားသည်။

ဝင်ငွေနည်းသော နိုင်ငံများ၌ လူ ၂ ရာခိုင်နှုန်းခန့်သာလျှင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေပြည့် ထိုးရသေးသော်လည်း ကုမ္ပဏီအနည်းငယ်က   တစ်နာရီလျှင် ဒေါ်လာသန်းပေါင်းများစွာ အမြတ်ရရှိနေသည်မှာ လူမြင်မကောင်းကြောင်း ထိုအဖွဲ့၏ အာဖရိက ရေးရာဌာနမှ  မာဇာဆီယွန်က ပြောသည်။

ဖိုင်ဇာ၊ ဘိုင်အိုအန်တက်နှင့်  မိုဒါနာ ကုမ္ပဏီတို့သည် အချမ်းသာဆုံး အစိုးရများနှင့် အမြတ်အများဆုံး ရရှိသော သဘောတူစာချုပ်များကိုသာ ဦးစားပေးကာ ဆင်းရဲသောနိုင်ငံများကို  ချန်လှပ်ထားကြောင်း ၎င်းကပြောသည်ဟု သိရသည်။