ရှီကျင့်ဖျင်နှင့် ဂျိုးဘိုင်ဒင်တို့ နယ်ပယ်ပေါင်းစုံနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး

ရှီကျင့်ဖျင်နှင့် ဂျိုးဘိုင်ဒင်တို့ နယ်ပယ်ပေါင်းစုံနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့သည် နိုဝင်ဘာ ၁၆ ရက်တွင်  အွန်လိုင်းဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ရာ   ကုန်သွယ်ရေး၊  ရာသီဥတု ပြောင်းလဲမှု၊ ကမ္ဘာ့ကပ်ရောဂါ အခြေအနေတို့ အပါအဝင် နယ်ပယ်ပေါင်းစုံနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြောင်း သိရသည်။

ဂျိုးဘိုင်ဒင်အနေဖြင့် သမ္မတရာထူးရရှိပြီးနောက်  ပထမဆုံးဖြစ်သည့်  တရုတ်သမ္မတနှင့် ဆွေးနွေးပွဲသည် အချိန် ၃ နာရီ ခန့်ကြာမြင့်ကာ မျှော်မှန်းထားသည်ထက် အချိန်ပိုကြာသည်။

ထိုဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်၍   ဆွေးနွေးရာတွင် နှစ်နိုင်ငံစလုံး အနေဖြင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုခိုင်မာစေရန်နှင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲမြှင့်တင်မှုတို့ကို ဆောင်ရွက်သွားသင့်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။

အလားတူ  နှစ်နိုင်ငံစလုံးအနေဖြင့် ယှဉ်ပြိုင်မှုက မျှတမှုနှင့် ကောင်းမွန်မှုရှိစေရေးနှင့်   ပဋိပက္ခအတွင်း သက်ဆင်းမှု မရှိစေရေးတို့အတွက်  ပွင့်လင်းမြင်သာမှု ရှိသော ဆွေးနွေးမှုမှတစ်ဆင့် တစ်နိုင်ငံ၏ ရည်ရွယ်ချက်များကို တစ်နိုင်ငံက နားလည် လာစေရန်  တိုးမြှင့်ဆောင်ရွက်သွားရေး လိုအပ်ကြောင်း ဂျိုးဘိုင်ဒင်က ပြောသည်။

တရုတ်(တိုင်ပေ)အရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထိုင်ဝမ်ရေလက်ကြား၌ လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများသည်  လွတ်လပ်ရေးအတွက် ကြိုးပမ်းသည့် တရုတ်(တိုင်ပေ) တာဝန်ရှိသူများက အမေရိကန်၏ ထောက်ခံမှုကို တောင်းဆိုခြင်းနှင့်  အမေရိကန် တာဝန်ရှိသူအချို့၏ ရည်ရွယ်ချက်ဖြစ်သော တရုတ်(တိုင်ပေ)ကို အသုံးချပြီး တရုတ်ကိုထိန်းချုပ်ရန် လုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။

ထို့ကြောင့် ခွဲထွက်ရေး အင်အားစုများ အနေဖြင့် တရုတ်(တိုင်ပေ) လွတ်လပ်ရေး အတွက်ကြိုးပမ်းမှုသည် အန္တရာယ်မျဉ်းကို ဖြတ်ခြင်းဖြစ်ကြောင်း၊ ထိုသူများသည် မီးနှင့်ကစားသူများဖြစ်ပြီး   ထိုမီးကြောင့်ပင် ကိုယ်တိုင်လောင်ကျွမ်းရမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံက  ပြတ်ပြတ်သားသား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတက ဆက်ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့်  တရုတ်တစ်နိုင်ငံတည်း ဟူသောမူဝါဒကို ဆက်လက် စွဲကိုင်ထားမည်ဖြစ်သည့်အပြင်  တရုတ် (တိုင်ပေ) လွတ်လပ်ရေးကိုလည်း ထောက်ပံ့ပေးမည် မဟုတ်ကြောင်း  ဂျိုးဘိုင်ဒင်က ထပ်လောင်း အတည်ပြုသည်။

ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တရုတ်-အမေရိကန် ကုန်သွယ်မှု ဆက်ဆံရေး၏ သဘောသဘာဝက အပြန်အလှန်အကျိုးရှိပြီး နှစ်ဖက်စလုံး အရှုံးမရှိသည့် အခြေအနေများအတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်းနှင့်  အမေရိကန်အနေဖြင့် တရုတ်စီးပွားရေး လုပ်ငန်းများကို ဖိနှိပ်နိုင်ရေးအတွက်   အမျိုးသား လုံခြုံရေးကို အကြောင်းပြစွပ်စွဲမှု ရပ်တန့်သင့်ကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု သိရသည်။