ရုရှားကဂြိုဟ်တုဖျက် လက်နက်စမ်းသပ်မှု  ISS အတွက် အန္တရာယ်မရှိဟုဆို

ရုရှားကဂြိုဟ်တုဖျက် လက်နက်စမ်းသပ်မှု  ISS အတွက် အန္တရာယ်မရှိဟုဆို

ရုရှားနိုင်ငံက ၎င်းတို့လွှင့်တင်ထားသည့် သက်တမ်းကုန်ဂြိုဟ်တု အဟောင်းတစ်လုံး ကို အောင်မြင်စွာ ပစ်ချနိုင်သော ဂြိုဟ်တု ဖျက်လက်နက် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ ကြောင်းနှင့် ထိုစမ်းသပ်မှုသည် နိုင်ငံတကာ အာကာသစခန်း(ISS) အတွက် အန္တရာယ် မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက   နိုဝင်ဘာ   ၁၆ ရက်တွင် ထုတ်ပြန်သည်။

ရုရှားနိုင်ငံအနေဖြင့် အဆိုပါလက်နက် စမ်းသပ်မှုကို နိုဝင်ဘာ ၁၅ ရက်တွင်လုပ် ဆောင်ခြင်းဖြစ်ပြီး ယင်းမှ ထွက်ရှိလာသည့် အာကာသအမှိုက်များသည် ကမ္ဘာ့ပတ်လမ်း အနိမ့်တွင် ပြန့်ကျဲသွားကာ  ISS အတွက် အန္တရာယ်ရှိကြောင်းနှင့် အာကာသအတွင်း လှုပ်ရှား ဆောင်ရွက်မှုများကို နှစ်ပေါင်းများစွာကြာ ဘေးသင့်စေမည်ဖြစ်ကြောင်း အမေရိ ကန် အစိုးရတာဝန်ရှိသူများက ပြောသည်။

အလားတူ   ရုရှား၏ စမ်းသပ်မှုသည် နမော်နမဲ့နိုင်သည့်  လုပ်ဆောင်ချက်ဖြစ်ကြောင်း၊  ISS နှင့်လှည့်ပတ် သွားလာနေ သည့်  တရုတ်အာကာသယာဉ် တစ်စင်းအတွက် အန္တရာယ် ရှိကြောင်းနှင့် ရုရှားနိုင်ငံ အနေဖြင့် လက်နက်စနစ် အသစ်များ ဖန်တီးနိုင်နေပြီဖြစ်သည်ကို ပြသခြင်းဖြစ်ကြောင်း NATO တပ်ဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့က ပြောသည်။

သို့သော် ထိုစမ်းသပ်မှုမှ ထွက်လာသည့် အာကာသ အမှိုက်များသည် NATO အတွက် ခြိမ်းခြောက်မှုမဖြစ်စေကြောင်း၊ အမေရိကန်သည်လည်း ထိုအချက်ကို သိရှိကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

နိုဝင်ဘာ ၁၅ ရက်တွင် လုပ်ဆောင်သော အဆိုပါ စမ်းသပ်မှုတွင် ၁၉၈၂ ခုနှစ်ကတည်း က အာကာသအတွင်း ရောက်ရှိနေပြီး လက်ရှိ အသုံးမပြုတော့သည့် Tselina-D ဂြိုဟ်တု ကို ိမှန်သွားကြောင်း၊ ယခင်ကအလားတူ စမ်းသပ်မှုမျိုးကို အမေရိကန်၊  တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကလည်း  လုပ်ဆောင်ဖူးကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ အနေဖြင့် လက်နက်အသစ်များကို စမ်းသပ်မှုနှင့် ၂ဝ၂ဝ ပြည့်နှစ် တွင် အာကာသ တပ်ဖွဲ့ကို ဖွဲ့စည်းမှုတို့ကြောင့် ရုရှားနိုင်ငံက  ၎င်းတို့၏ကာကွယ်ရေးစွမ်း ရည်များကို တိုးမြှင့်လာရခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ပြောသည်။

ရုရှားအစိုးရအနေဖြင့် အာကာသအတွင်း စစ်လက်နက်များ ဖြန့်ကြက်မှု ရပ်တန့်ရေး အတွက် သဘောတူညီချက် တစ်ခုကို ဆွေးနွေးမှုများ လုပ်ဆောင်ရန် နှစ်ပေါင်းများစွာကြာ တောင်းဆိုလာသော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက  ကုလသမဂ္ဂတွင် ထိုသဘောတူညီချက်ကို တားမြစ်ပိတ်ပင် ခဲ့ကြောင်း သိရသည်။