ဆီအုန်းစိုက်ဧက လေးသိန်း အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရေး ဆောင်ရွက်မည်

ဆီအုန်းစိုက်ဧက လေးသိန်း အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရေး ဆောင်ရွက်မည်

နေပြည်တော်  နိုဝင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၏ ဆီအုန်းစိုက်ဧက လေးသိန်းကို   အပြည့်အဝ ဆီသီးခိုင်ထွက်ရှိရန် အပင်အိုများနေရာတွင် အထွက်နှုန်းမြင့်မားသော မျိုးကောင်းမျိုးသန့်များ ပြန်လည်အစားထိုး စိုက်ပျိုးရေးနှင့် အခြေအနေပေးသည့် နေရာဒေသများတွင် တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများကို စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုဝင်ဘာ ၁၅ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ဆီအုန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး၌   ဆီအုန်းစိုက်ဧက လေးသိန်းကျော်ရှိပြီး  သက်တမ်းကျော်လွန်သော ဆီအုန်းစိုက်ဧရိယာများ တိုးပွားလျက်ရှိရာ လက်ရှိတွင် ဧက ၁၅ဝဝဝဝ ကျော်သာ ဆီသီးခိုင် ထွက်ရှိနေမှုကြောင့် ဆီထွက်နှုန်းမြင့်မားသည့် ပျိုးပင်များနှင့် လဲလှယ်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အားပေးလျက်ရှိကြောင်း၊

အရွယ်ရောက်ပြီး ဆီအုန်းစိုက်ခင်း တစ်ဧကလျှင်   ပျမ်းမျှဆီသီးခိုင် လေးတန်ခန့်ရရှိပြီး  ဆီသီးခိုင် တစ်တန်မှ ဆီကြမ်း သုည ဒသမ ၂၂ တန်ထွက်ရှိသဖြင့်  စိုက်ဧက ၄ သိန်းအပြည့် သီးခိုင်ထုတ်ယူနိုင်ပါက ဆီကြမ်းတန်ချိန် ၃၅ဝဝဝဝ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်၍ ပြည်တွင်းစားအုန်းဆီ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘုတ်ပြင်းမြို့နယ် တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းနှင့် ဆီကြမ်းစက်ရုံကို လည်းကောင်း၊  ကော့သောင်း ခရိုင် ကရသူရိမြို့ရှိ ပိုကောင်းကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး   စီမံကိန်းကို လည်းကောင်း၊ ယုဇနကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းနှင့်  ဆီကြမ်းစက်ရုံကို လည်းကောင်း  ကြည့်ရှုကြပြီး  ယုဇနကုမ္ပဏီ၏ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း ရှင်းလင်းဆောင်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ  ဆီအုန်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု  တိုးတက်ရေး ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဆီအုန်းလုပ်ငန်းရှင်များက ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက   ဆီအုန်းလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ကြီးမားလာစေရန်     လက်ရှိလုပ်ကိုင် ဆောင်ရွက်နေမှုများကို  ခေတ်စနစ်နှင့် အညီ   ပြုပြင်ပြောင်းလဲရန် လိုကြောင်း၊ လုပ်ကွက်ငယ် တောင်သူများကို  အားပေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  တစ်ဦးတစ်ယောက်မျှမကျန်စေဘဲ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော လုပ်ငန်းများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှု တစုတစည်းတည်း ရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့် သက်ဆိုင်သည့်  အသင်းအဖွဲ့အဖြစ် တည်ထောင်သွားရန်နှင့် ဆီအုန်းစိုက်ပျိုးရေးသာမက ဆီကြမ်းနှင့် ဆီချောစက်ရုံများ တည်ထောင်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းသင့်ပါကြောင်း၊  ထွက်ကုန်များ ဈေးကွက်ဝင်ဆံ့နိုင်မှုသည် ထုပ်လုပ်မှုအရည်အသွေးနှင့်  အစားအစာဘေးကင်းလုံခြုံမှု အပေါ်တွင်သာမက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုများ အပေါ်တွင်ပါ တည်မှီနေသည်ကို ဂရုပြုကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်  ဗိုလ်မှူးကြီးသိန်းလင်းနှင့် ဦးမောင်ကြီးတို့က   စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ချက်များနှင့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေယာ အသုံးပြုမှုတွင် အမှန်တကယ် အသုံးချမှုမရှိဘဲ   မြေကို လက်ဦးရယူခြင်းများ    ကင်းရှင်းရေး ဆောင်ရွက်နေမှု၊  အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်ရန် လိုအပ်ပါက မြေလွတ်၊ မြေလပ်

နှင့်မြေရိုင်းများ  ဥပဒေနှင့်အညီ မြေယာ အသုံးပြုခွင့်များ    ဆောင်ရွက်ပေးနေမှု၊ မြေလွတ်၊ မြေလပ်နှင့်   မြေရိုင်းများတွင် သတ်မှတ်ခွင့်ပြုချက်များနှင့်အညီ အတည် တကျသီးနှံများ စိုက်ပျိုးပြီးစီးသည့် အချိန်တွင်  လယ်ယာမြေများအဖြစ် ပြောင်းလဲရေး စသည့်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ အသုံးပြုခွင့်ဆိုင်ရာ စည်းကမ်းဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။