၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် Play-off ပွဲစဉ်များကို ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်မဲခွဲပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပမည်

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် Play-off ပွဲစဉ်များကို ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်မဲခွဲပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပမည်

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စုပွဲစဉ်များအပြီး Play-off ပွဲစဉ်များကို ပြိုင်ပွဲဝင် အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်မဲခွဲပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် ခြေစစ်ပွဲကို အုပ်စု ၁ဝ ခုခွဲ၍ကျင်းပခဲ့ကာ အုပ်စုတစ်ခုချင်းစီ မှ အုပ်စုပထမနေရာ၌ ရပ်တည်နိုင်ခဲ့သည့် အသင်း ၁ဝ သင်းအနေဖြင့် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ခြေစစ်ပွဲစဉ်များ အပြီးတွင် ဂျာမနီ၊ ဒိန်းမတ်၊  ဘယ်လ်ဂျီယံ၊    ပြင်သစ်၊   ခရိုအေးရှား၊   စပိန်၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ အင်္ဂလန်နှင့် နယ်သာလန် အသင်းတို့က  အုပ်စုပထမနေရာ၌  ရပ်တည်ခဲ့ကြသည့်အတွက်  ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ပြီး ဝင်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။

ထို့အတူ ဥရောပဇုန်မှ ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့် လက်ကျန်သုံးနေရာအတွက် အုပ်စုဒုတိယ နေရာ၌  ရပ်တည်ခဲ့ကြသည့်  ပေါ်တူဂီ၊  ဆွီဒင်၊ အီတလီ၊ ယူကရိန်း၊ ဝေးလ်၊ စကော့တလန်၊ တူရကီ၊ ရုရှား၊ ပိုလန်၊ မက်ဆီဒိုးနီးယား အသင်းတို့နှင့်အတူ  ပြီးခဲ့သည့်   ဥရောပနေးရှင်းလိဂ် ပြိုင်ပွဲတွင်   အုပ်စုပထမနေရာ၌  ရပ်တည်ခဲ့ကြသော ချက်အသင်းနှင့်  သြစတြီးယားအသင်းတို့ ပါဝင်သည့် အသင်း ၁၂ သင်းက Play-off  အဖြစ် ကစားရမည်ဖြစ်သည်။

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် Play-off  ပွဲစဉ်များကို ပြိုင်ပွဲဝင်အသင်း ၁၂ သင်းအား အုပ်စုမခွဲတော့ဘဲ လေးသင်းစီသည် ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားမည်ဖြစ်ကာ အဆိုပါလေးသင်းစီ ခွဲကစားပြီး ဆီမီးဖိုင်နယ်အဆင့်မှ ဗိုလ်လုပွဲတွင် အနိုင်ရရှိသည့် အသင်းသုံးသင်းသည်   ၂ဝ၂၂   ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်အတွက် လက်ကျန် သုံးနေရာကို ရရှိမည်ဖြစ်သည်။

လက်ရှိ ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် Play-off  အဆင့်တွင်လည်း ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် ပေါ်တူဂီ၊ အီတလီ၊ ပိုလန်နှင့် ဆွီဒင်အသင်းတို့သည်  လက်ကျန်ဝင်ခွင့်  သုံးနေရာသာ ရှိသည့်အတွက် ထိပ်တန်းအသင်းကြီးတချို့ ၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်မည်ဖြစ်သည်။

လက်ရှိ Play-off အဆင့်တွင် ပါဝင်နေသည့် အသင်းများမှ အီတလီအသင်းသည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၌လည်း Play-off အဆင့်တွင်ကစားခဲ့ရပြီး လက်ရှိ Play-off အဆင့်တွင် ပါဝင်နေသည့်  ဆွီဒင်အသင်းကို ရှုံးနိမ့်ကာ ဝင်ခွင့်နှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။

၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် Play-off အဆင့်မဲခွဲပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် မဲခွဲဆုံးဖြတ်ပြီးလျှင် ပွဲစဉ်များကို ၂ဝ၂၂ ခုနှစ် မတ်လအတွင်း ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။