အဇာဘိုင်ဂျန် တပ်များအား အာမေးနီးယားက တိုက်ခိုက်ဟုဆို

အဇာဘိုင်ဂျန် တပ်များအား အာမေးနီးယားက တိုက်ခိုက်ဟုဆို

အဇာဘိုင်ဂျန်နိုင်ငံရှိ  တိုဗက်ဒေသ၌ တပ်စွဲထားသည့်တပ်ဖွဲ့ဝင်များအား အာမေးနီးယားစစ်ဘက်က နိုဝင်ဘာ ၁၈ ရက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာမေးနီးယား စစ်ဘက်သည် ရှမ်းရှာဒင်ခရိုင်  ချီနာလီဒေသ၌  တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များအား ဒေသစံတော်ချိန် မွန်းလွဲ၂ နာရီ ၁ဝ မိနစ်တွင် စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ပစ်ခတ်ရာတွင် လက်နက်ငယ်များကို  အသုံးပြု တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အဇာဘိုင်ဂျန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

သို့ရာတွင်တိုက်ခိုက်မှုအတွင်း အဇာဘိုင်ဂျန်တပ်ဖွဲ့၌ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ အာမေးနီးယားတပ်များအား အဇာဘိုင်ဂျန်တပ်ဖွဲ့က  ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြသည်။

အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့သည်  နယ်စပ်အငြင်းပွားမှုနှင့် ရင်ဆိုင်နေရပြီး တိုက်ခိုက်မှုများမှာ ချမှတ်ထားသည့် သဘောတူညီချက်ကို ချိုးဖောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း  အပြန်အလှန် စွပ်စွဲထားကြောင်း သိရသည်။