ဂျပန်အစိုးရက စီးပွားရေး ကုစားမှုအတွက် ယန်း ၅၆ ထရီလီယံ အသုံးပြုမည်

ဂျပန်အစိုးရက စီးပွားရေး ကုစားမှုအတွက် ယန်း ၅၆ ထရီလီယံ အသုံးပြုမည်

ဂျပန်အစိုးရအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ကြောင့် ပျက်စီးနေသော နိုင်ငံ့စီးပွားရေးကို ကုစားမှုအတွက် ယန်း ၅၆ ထရီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်း    ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာသည်။

ယခုကဲ့သို့ စီးပွားရေး ကုစားမှုအတွက် အသုံးပြုမှုသည် တတိယအကြိမ်နှင့် စံချိန်တင်အများဆုံးဖြစ်ပြီး ဂျပန်ပြည်သူများ၏ ဘေးကင်း စိတ်ချမှုနှင့် မျှော်လင့်ချက်အတွက် လုံလောက်သည်ဟု  ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါစီးပွားရေး ကုစားမှုအတွက် ငွေများ အသုံးပြုမှုတွင် အသက် ၁၈ နှစ်အောက် ကလေးများရှိသည့် အိမ်ထောင်စုများအား ငွေသားနှင့်  ကူပွန်များ ထုတ်ပေးမှုအပြင် သူနာပြုများနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများအတွက် လစာတိုးမြှင့်ပေးမှုတို့လည်း ပါဝင်မည်ဖြစ်သည်။

တိုကျိုမြို့နှင့်  အခြားမြို့ကြီးများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်များ  ချမှတ်လိုက်ရသည့် အတွက် ဒုတိယသုံးလပတ် ကာလအတွင်း နိုင်ငံ၏စီးပွားရေးမှာ မျှော်မှန်းထားသည်ထက် ပိုမိုကျဆင်းသွားသောကြောင့် အစိုးရက ယခုကဲ့သို့ စီစဉ်လာခြင်းဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်းများဖြစ်သော ရှင်ဇိုအာဘေးနှင့်  ယိုရှီဟီဒေးဆူဂါတို့ကလည်း အလားတူစီးပွားရေး ကုစားမှုအတွက် ယန်း ၃၈ ထရီလီယံနှင့် ၄ဝ ထရီလီယံ အသီးသီး အသုံးပြုခဲ့ပြီးဖြစ်သည်။

အလားတူ ယခုအသုံးပြုမည့် ယန်း ၅၆ ထရီလီယံကို ယန်း ၇၉ ထရီလီယံအထိ တိုးမြှင့် အသုံးပြုနိုင်ဖွယ်ရှိကြောင်းလည်း ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါ ကဆက်ပြောသည်။

လက်ရှိအသုံးပြုမည့် ယန်း ၅၆ ထရီလီယံသည် ဂျပန်နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုးစုစုပေါင်း အနက် ၁ဝ  ရာခိုင်နှုန်းရှိကြောင်း သိရသည်။