အလွန်ရှားပါးသော ဒိုင်နိုဆော၏ရုပ်ကြွင်းများကို ဘရာဇီးနိုင်ငံ၌ တူးဖော်တွေ့ရှိ

အလွန်ရှားပါးသော ဒိုင်နိုဆော၏ရုပ်ကြွင်းများကို ဘရာဇီးနိုင်ငံ၌ တူးဖော်တွေ့ရှိ

လွန်ခဲ့သော နှစ်သန်းပေါင်း ၇ဝ နှင့် ၈ဝ ခန့်က ကျင်လည်ကျက်စားသည့် သွားမပါသော ခြေထောက်နှစ်ချောင်းပါ  ရှားပါးဒိုင်နိုဆော မျိုးစိတ်မှရုပ်ကြွင်းများကို ဘရာဇီးနိုင်ငံ၌ တူးဖော်တွေ့ရှိကြောင်း သုတေသီများကပြောသည်။

အဆိုပါဒိုင်နိုဆောသည် အရွယ်အစားအားဖြင့် သေးငယ်ပြီး  ခန္ဓာကိုယ်အလျား ၁ မီတာနှင့် အရပ်အမြင့် ၈ဝ စင်တီမီတာရှိကာ အသားစား ဒိုင်နိုဆောမျိုးနွယ်စုဝင် ဖြစ်သည်ဟု ယူဆရသည်။

သို့သော် ပဟေဠိဖြစ်ရသည့် အချက်မှာ ထိုဒိုင်နိုဆောတွင်   သွားများမပါသည့် နှုတ်သီးကဲ့သို့ ပါးစပ်တစ်ပေါက် ပါဝင်နေခြင်း ဖြစ်ကြောင်းနှင့် ထိုသို့တွေ့ရှိမှုမှာ အမှန်တကယ်အံ့အားသင့်ရကြောင်း သုတေသီများက ပြောသည်။

အသားစားဒိုင်နိုဆော မျိုးနွယ်စုဝင်ဖြစ်သော်လည်း သွားများမပါသည့်အတွက် ၎င်းတို့အနေဖြင့်   မည်သည့်အစာကို စားသောက်သည်နှင့်ပတ်သက်၍ မေးခွန်းများထွက်လာကြောင်း သုတေသီ တစ်ဦးဖြစ်သည့် ဂျီယိုဗိန်းအဲဗက်ဆိုဇာ ကပြောသည်။

ယင်းဒိုင်နိုဆောတွင် သွားများမပါသည့် အတွက် အသားမစားဟု မဆိုနိုင်ကြောင်း၊ သိမ်းငှက်များကဲ့သို့  ငှက်များသည်လည်း နှုတ်သီးဖြင့်သာ အသားစားကြောင်း၊   ထိုဒိုင်နိုဆောအတွက် အဖြစ်နိုင်ဆုံးအရာမှာ ၎င်းသည်ရနိုင်သမျှသော အစာမှန်သမျှကိုစားသည့်   အစုံစား သတ္တဝါဖြစ်နိုင်ခြင်း ဖြစ်ကြောင်း အဆိုပါ သုတေသီက ဆက်ပြောသည်။

ထိုကျောက်ဖြစ်ရုပ်ကြွင်းဒိုင်နိုဆော အရိုးစုကို ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ကာလအတွင်း ဘရာဇီးနိုင်ငံတောင်ပိုင်း ပါရာနာပြည်နယ်ရှိ ကျေးလက်လမ်း တစ်လျှောက်မှ တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။