သွားနှင့်ခံတွင်းကျန်းမာရေးနှင့် ပရိုဘိုင်အိုတစ်

မေး။ ။ ဆရာရှင့်  သွားနဲ့ခံတွင်း ကျန်းမာရေးဟာ သွားနဲ့ခံတွင်းအတွက် သက်သက်သာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက်ပါ အရေးပါတယ်လို့ အခုနောက်ပိုင်းမီဒီယာတွေမှာ ဖော်ပြလာတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာ့ရဲ့အမြင်လေးကို အရင်ဆုံးပြောပြပေးပါ ဆရာ။

ဖြေ။ ။ သွားနဲ့ခံတွင်းကျန်းမာရေးဟာ သွားနဲ့ခံတွင်း သီးသန့်အတွက်မဟုတ်ဘဲ ဆရာတို့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေးအတွက် အလွန်အရေးပါလှပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုမစိုက်ရင်  သွားတွေတစ်ချောင်းပြီးတစ်ချောင်း ဆုံးရှုံးရမှာဖြစ်သလို ခန္ဓာကိုယ်အနှံ့အပြားမှာ လည်း  ရောဂါမျိုးစုံရရှိနိုင်တာကို ယနေ့သိလာရပြီးဖြစ်တယ်။ ဒီရောဂါပိုးတွေဟာ သွားနဲ့ ခံတွင်းကနေတစ်ဆင့်  တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရောက်ရှိလာပြီး  နှလုံးရောဂါ၊ အဆုတ်ရောဂါ၊   ဦးနှောက်နဲ့ အာရုံကြောရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတာတွေ ဖြစ်စေနိုင်တယ်။    မှတ်ဉာဏ် ချို့ယွင်းတဲ့ရောဂါနဲ့  အယ်ဇိုင်းမားရောဂါ တွေပါမကျန်အောင် ဒုက္ခပေးနိုင်ပါတယ်။   နောက်ဆုံး သက်တမ်းတိုတို ပဲနေရမှာကို  သိလာရပြီဖြစ်တယ်။ ဒီလိုကျန်းမာနေဖို့က သွားနဲ့ခံတွင်းမှာရှိတဲ့ Ecology ကို ပုံမှန်ဖြစ်အောင်ထိန်းသိမ်း ထားဖို့လိုပါတယ်။

မေး။ ။ သွားနဲ့ခံတွင်းရဲ့ Ecology ဆိုတာ ဘာကိုဆိုလိုတာပါလဲဆရာ။

ဖြေ။ ။ လူတို့ရဲ့ခံတွင်းမှာ အဏုဇီဝပိုးပေါင်းများစွာရှိပြီး အဓိကအနေနဲ့ ရောဂါဖြစ်စေတဲ့ပိုးတွေ၊ ခံတွင်းကျန်းမာရေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ပရိုဘိုင်အို တစ်တွေနဲ့ အခုလောလောဆယ် ဒုက္ခလည်းမပေး၊ ဘာတာဝန်မှ လည်းမထမ်းဆောင်သေးဘဲ တွယ်ကပ်နေတဲ့ အဏုဇီဝပိုးတွေဆိုပြီး အုပ်စုသုံးစုခွဲခြားနိုင်ပါတယ်။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး  ဗက်တီးရီးယား၊  မှိုနဲ့ ဗိုင်းရပ်ပိုးတွေရှိနေတတ်တယ်။ ဗက်တီးရီးယားတွေက အများဆုံး ဖြစ်ပြီး လူအားလုံးရဲ့ခံတွင်းမှာ တွေ့နိုင်တဲ့ မျိုးစိတ်စုစုပေါင်း ၅၀၀ ကနေ ၁၀၀၀ ခန့်အထိရှိပါတယ်။  သာမန်လူတစ်ယောက်ကို  ကြိုက်တဲ့အချိန် ခံတွင်းထဲမှာရှိတဲ့ ဗက်တီးရီးယား အမျိုးအစား အရေ အတွက်ကို တိုင်းကြည့်ရင် ၁၀၀ ကနေ ၂၀၀ အတွင်း ရှိနေလေ့ရှိတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုစိုက်သူတွေရဲ့ သွားတစ်ချောင်းစီရဲ့ မျက်နှာပြင်မှာရှိတဲ့ ဗက်တီးရီးယား အရေအတွက်ကတေ့ ၁၀၀၀ ကနေ ၁၀၀၀၀၀ လောက်ရှိပေမယ့် သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမပြုသူတွေရဲ့ သွားတစ်ချောင်းစီပေါ်မှာ ရှိတဲ့ဗက်တီးရီးယား(အထူးသဖြင့် ရောဂါပိုးများ) အရေအတွက်ကတော့   သန်း ၁၀၀ ကနေ   သန်း ၁၀၀၀ အထိ တွေ့ရလေ့ရှိပါတယ်။  ကျန်းမာသန်စွမ်းသူရဲ့ ခံတွင်းမှာ   အကျိုးပြု ဗက်တီးရီးယား အရေအတွက် အများကြီးရှိပြီး   ရောဂါပိုးတွေကို ကောင်းကောင်း ထိန်းချုပ်ထားတဲ့အပြင် သူတို့ရဲ့လုပ်ငန်းဆောင်တာ တွေဟာလည်း ကွဲပြားလျက်ရှိတယ်။ မကျန်းမာ တဲ့သူ  အထူးသဖြင့် ခံတွင်းကျန်းမာရေး ချို့တဲ့သူအနေနဲ့  ရောဂါဖြစ်စေတဲ့   ဗက်တီးရီးယား အရေအတွက်က  ပိုမိုများပြားလေ့ ရှိနေတာကိုတွေ့ရတယ်။ သွားပွတ်တံနဲ့ သွားကိုသေသေချာချာ တိုက်ပြီးရင် ဗက်တီးရီးယား အရေအတွက်ဟာ    များစွာလျော့ကျသွားလေ့ရှိပြီး  သိန်းဂဏန်း လောက်သာ ကျန်တော့တာကိုလည်း   တွေ့ရပါတယ်။  ဒါကြောင့်  သွားပွတ်တံနဲ့   နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်သွားတိုက်ပေးခြင်းဟာ  သွားနဲ့သွားဖုံးကျန်းမာရေးကို များစွာ အထောက်အကူ ပြုပါတယ်။

မေး။ ။ သွားနဲ့ခံတွင်းထဲမှာ ဘယ်လိုမျိုးရောဂါပိုးတွေ ရှိနေတတ်ပါသလဲဆရာ။

ဖြေ။ ။ သွားနဲ့ခံတွင်းထဲမှာ ဝင်ရောက်နေရာယူပေါက်ပွားပြီး ရောဂါရစေနိုင်တဲ့ အဏုဇီဝ ရောဂါပိုး တွေကတော့ ဗက်တီးရီးယား၊ မှိုနဲ့ ဗိုင်းရပ်ပိုးများဖြစ်ကြပါတယ်။  လူတို့ရဲ့ပါးစပ်ထဲမှာ ရောဂါ ဖြစ်စေနိုင်တဲ့ဗက်တီးရီးယားတွေ မြောက်မြားစွာရှိတဲ့အနက် သွားနဲ့ခံတွင်းကျန်းမာရေးကို ထိခိုက် စေတဲ့ အဆိုးဆုံးသောပိုးတွေကတော့ Porphyromonas gingivalis နဲ့ Streptococcus mutans   တွေဖြစ်ပြီး  ဒီရောဂါပိုးတွေက ထုတ်လုပ်လိုက်တဲ့ အက်စစ်နဲ့အင်ဇိုင်းတွေကြောင့် သွားဖုံးတွေ ရောင်တာ၊ သွားဖုံးနဲ့မေးရိုးတွေရောင်တာ၊ သွားပိုးစားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဒီရောဂါပိုးတွေ ကြောင့် ခုခံအားစနစ်ရဲ့ တိုက်ခိုက်ရေးတပ်သားတွေဖြစ်တဲ့ အင်တာလူကင်-၁၂ (IL-12) ကိုကျဆင်းစေပြီး ဒီရောဂါပိုးတွေအပါအဝင် အခြားသောရောဂါပိုး တွေကိုလည်း လက်ယပ်ခေါ် သကဲ့သို့ ဖြစ်နေပါတယ်။ ဒါတင်မကသေးဘဲ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အင်တာလူကင်-၆ (IL-6) ကို  ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးတာကြောင့်  ခံတွင်းတွင်သာမက   တစ်ကိုယ်လုံးကို သွေးကြောတွေကနေ တစ်ဆင့်ရောက်ရှိသွားပြီး ရောင်ရမ်းတဲ့ရောဂါတွေကို ဖြစ်စေပါတယ်။

မေး။ ။ သွားနဲ့ခံတွင်းမှာရှိတဲ့ အကျိုးပြုအဏုဇီဝ ပရိုဘိုင်အိုတစ်တွေအကြောင်းလည်း ရှင်းပြပေးပါဦး ဆရာ။

ဖြေ။ ။ လူတို့ရဲ့ခံတွင်းမှာ ရောဂါပိုးမွှားတွေဝင်ရောက် တွယ်ကပ်ခြင်းမရှိအောင် ပရိုဘိုင်အိုတစ် ဗက်တီးရီးယားတွေက ကာကွယ်ပေးပါတယ်။ အဲဒီဗက်တီးရီးယားတွေကို ခံတွင်းထဲမှာရှိတဲ့ အကျိုးပြု အဏုဇီဝပိုးတွေလို့ ခေါ်ပါတယ်။ သူတို့သာ လုံလောက်တဲ့ပမာဏရှိနေရင် သွားနဲ့ခံတွင်း ရောဂါတွေဖြစ်ပွားမှုလည်း အလားအလာ အလွန်နည်းတာကိုတွေ့ရပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် တစ်နေ့နှစ်ကြိမ် သွားမှန်မှန်တိုက်တာ(နံနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်)၊ အစာစားပြီးတိုင်း ပလုတ်ကျင်းတာတွေကို မဖြစ်မနေ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုလုပ်ရုံ မလုံလောက်သေးပါ။ ခံတွင်းမှာရှိတဲ့ ပရိုဘိုင်အိုတစ် အကျိုးပြု ဗက်တီးရီး ယားတွေ လုံလောက်တဲ့ပမာဏ ရှိအောင်လည်း ထိန်းသိမ်းပေးဖို့လိုပါတယ်။ လူ့ခန္ဓာ ကိုယ်တစ်ခုလုံး အတွက် အကျိုးပြုနေတဲ့ ပရိုဘိုင်အိုတစ်တွေ များစွာရှိတဲ့အနက် သွားနဲ့ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပရိုဘိုင်အိုတစ်တွေကတော့...

(၁) လက်တိုဘေ့စ်စီလပ်

(၂) ဘိုင်ဖီဒိုဗက်တီးရီးယား

(၃) စထရက်တိုကော့ကပ်စ် တွေပဲဖြစ်ပါတယ်။

မေး။ ။ လက်တိုဘေ့စ်စီလပ်မျိုးစုဝင် ပရိုဘိုင်အိုတစ်တွေ အကြောင်းလည်း နည်းနည်းရှင်းပြပေးပါ ဆရာ။

ဖြေ။ ။ အဓိကအနေနဲ့ မျိုးစိတ်ခြောက်ခုရှိပါတယ်။

(၁) လက်တိုဘေ့စ်စီလပ် အက်ဆီဒိုဖီးလပ်စ်

ဒီဗက်တီးရီးယားတွေဟာ လူနဲ့တိရစ္ဆာန်တို့ရဲ့ခံတွင်းနဲ့ အစာလမ်းကြောင်းတစ်လျှောက်မှာ များစွာ တွေ့ရှိရတယ်။ သူတို့ဟာ ၃၇.C မှာ ပွားများမှုနှုန်းအကောင်းဆုံးဖြစ်ပြီး လူ့ခန္ဓာကိုယ်အပူချိန်နဲ့ ကွက်တိဖြစ်နေတာကြောင့်  များပြားနေခြင်းဖြစ်တယ်။ ခံတွင်းမှာရှိတဲ့ ဒီဗက်တီးရီး ယားတွေဟာ  စားလိုက်တဲ့အစာမှာ ပါဝင်တဲ့ သကြားဓာတ်ကို လက်တစ်အက်စစ်အဖြစ်နဲ့ ပြောင်းလဲပေးပြီး အဲဒီလက်တစ်အက်စစ်ဟာ ခံတွင်းမှာရှိတဲ့ အခြားသော ရောဂါဖြစ်စေနိုင်တဲ့ ဇီဝပိုးတွေကို သေစေနိုင်တယ်။ အရင်က သွားပိုးစားတာကို ဖြစ်စေနိုင်တယ်လို့ဆိုသော်လည်း   အခုနောက်ပိုင်းမှာ သွားနဲ့ခံတွင်းအပေါ် ဆိုးကျိုးထက် ကောင်းကျိုးတွေ ပိုမိုပေးလာတာကြောင့် ပရိုဘိုင်အို တစ်စာရင်း ထဲဝင်လာခြင်း ဖြစ်တယ်။

(၂) လက်တိုဘေ့စ်စီလပ် ပါရာကေဆိုင်း

လူရဲ့ခံတွင်း၊   အစာအိမ်နဲ့    အူလမ်းကြောင်း တစ်လျှောက်မှာ တွေ့ရပါတယ်။ စုစုပေါင်းမျိုးဗီဇ ၃၄ မျိုးရှိသော်လည်း လူ့ခန္ဓာကိုယ်မှာ ၁၀ မျိုးလောက်သာ တွေ့ရပါတယ်။ ပွားများနိုင်တဲ့အပူချိန် ကတော့ ၁၀-၃၇ ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်ပြီး ၄၀ ဒီဂရီစင်တီဂရိတ် ကျော်ရင် ပွားများမှု မရှိတော့ပါ။ လက်တစ်အက်စစ်ထုတ်ပေးခြင်းဖြင့် ရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်ကို ပေးပါတယ်။

(၃) လက်တိုဘေ့စ်စီလပ်စ် ပလန်တရမ်

သူ့ရဲ့အဓိကတာဝန်ကတော့  ခန္ဓာကိုယ်ခုခံအား စနစ်ကိုမြှင့်တင်ပေးခြင်း၊ အရောင်ကျစေခြင်းနဲ့ အနာကျက်မြန်စေခြင်း တို့ဖြစ်ပါတယ်။ အဲဒီ လက်တိုဘေ့စ်စီလပ်စ်တွေဟာ ခန္ဓာကိုယ်ခုခံအား စနစ်ကနေ အင်တာလူကင်-၁၂ ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးတာကြောင့် ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အင်တာလူကင်-၆ ထွက်ရှိမှုကို ဟန့်တားနိုင်စွမ်းရှိပြီး သွားဖုံးရောင်တာနဲ့ ပါးစပ်အတွင်း ရောင်ရမ်းနာများကို သက်သာစေပါတယ်။ ဒါတင်မကသေးဘဲ သွားမျက်နှာပြင်နဲ့ ခံတွင်းနံရံတစ်လျှောက် အမြှေးပါး လေးနဲ့အုပ်ထားပေးတာကြောင့် ခံတွင်းမျက်နှာပြင်ထိခိုက်မှုကို ကာကွယ်ပေးပါတယ်။ လူတို့ရဲ့ ခံတွင်းနဲ့ အရေပြားပေါ်မှာ အဓိကတွေ့ရပြီး သဘာဝအလျောက် အပင်နဲ့အပင်ထွက်ပစ္စည်းတွေမှာ တွေ့ရှိရတာကြောင့် သူ့ရဲ့မျိုးစိတ်အမည်ကို Plantarum လို့ခေါ်ခြင်းဖြစ်တယ်။ အပင်ထွက်ပစ္စည်း များကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ၁၅ ဒီဂရီကနေ ၄၅ ဒီဂရီစင်တီဂရိတ်အတွင်း ပွားများကြပါတယ်။ လက်တစ်အက်စစ်အပြင်း ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက် (H2O2) ကိုပါ ထုတ်ပေးနိုင်စွမ်းရှိပြီး ခံတွင်းမှာရှိတဲ့ အခြားသောရောဂါပိုးများကို သေစေနိုင်ပါတယ်။

(၄) လက်တိုဘေ့စ်စီလပ် ရမ်နိုးဆပ်

ဒီဗက်တီးရီးယားတွေကို ခံတွင်းမှာအနည်းငယ်သာ တွေ့ရပြီး အမျိုးသမီးလိင်အင်္ဂါအဖွဲ့အစည်းမှာ များစွာ တွေ့ရပါတယ်။ သဘာဝမှရတဲ့ နို့နှင့်နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်နဲ့ဒိန်ခဲတွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။ သူ့မှာ မျိုးဗီဇကွဲပြားမှုပေါ်မူတည်ပြီး အာနိသင်လည်း ကွာခြားမှုရှိပါတယ်။ အချို့ဗီဇမှာ ဘေးထွက်ဆိုးကျိုး ရှိတတ်တာကြောင့် ကိုယ်ခံအားနည်းသူတွေ၊ ကလေး ငယ်တွေ အတွက် မသင့်လျော်ပါ။ ဒါကြောင့် ၁၉၈၅ ခုနှစ်တွင် အန္တရာယ်ကင်းပြီး အာနိသင်ထက်မြက်တဲ့ L.rhamnosus မျိုးစိတ်ကို တီထွင်အသုံးပြုခဲ့ရာ ကမ္ဘာပေါ်မှာ ယနေ့အထိသုတေသန စာတမ်းပေါင်း ၈၀၀ ကျော်ဖြင့် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။ သွားဖုံးနဲ့ခံတွင်းရောဂါ အမျိုးမျိုးကို ကာကွယ်ကုသရာ တွင်လည်း အသုံးပြုနိုင်ပါတယ်။

(၅)လက်တိုဘေ့စ်စီလပ် စလိုင်ဗေးရီးရပ်စ်

လူတို့ရဲ့ခံတွင်းမှာ အများဆုံးတွေ့ရပြီး အစာလမ်းကြောင်း တစ်လျှောက်တွင်လည်း တွေ့နိုင်ပါတယ်။ တံတွေးထဲမှာကောင်းစွာ နေထိုင်ပွားများပြီး ရောဂါပိုးတွေကို တိုက်ခိုက်နှိမ်နင်းပေးပါတယ်။ အဓိကကတော့ သွားပိုးစားခြင်းကိုဖြစ်စေတဲ့ စထရက်တိုကော့ကပ်စ် မြူတင် ခေါ် ဗက်တီးရီးယားကို သတ်ဖြတ်နှိမ်နင်း နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သွားပိုးစားရောဂါ ကာကွယ်ကုသရာ၌ အသုံးဝင် လှပါတယ်။

(၆) လက်တိုဘေ့စ်စီလပ် အင်တီကေးရီးစ်

ဒီဗက်တီးရီးယားတွေဟာ   ဒိန်ချဉ်မှာပါဝင်ပြီး သွားပိုးစားရောဂါကိုဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို တိုက်ခိုက်နှိမ်နင်းရာတွင် အစွမ်းထက်ဆုံးဖြစ်ပါတယ်။ သူတို့ကို ကမ္ဘာကျော်ဂျာမန်ကုမ္ပဏီဖြစ်တဲ့ BASF က စီးပွားဖြစ်ထုတ်လုပ်ပြီး ချူးဂမ်းထဲမှာ ထည့်သွင်းရောင်းချလျက်ရှိပါတယ်။ အဲဒီချူးဂမ်းကို ငုံပေးခြင်းဖြင့် သွားပိုး စားရောဂါကို ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

မေး။ ။ ဘိုင်ဖီဒိုဗက်တီးရီးယား မျိုးစုဝင်တွေကရော ဘယ်လိုမျိုးအကျိုးပြုပါသလဲဆရာ။

ဖြေ။ ။ ဘိုင်ဖီဒိုဗက်တီးရီးယားမျိုးစုတွင် မျိုးစိတ်ပေါင်း ၃၂ ခုရှိတဲ့အနက်အချို့မှာ သွားပိုးစားခြင်း ကိုအားပေးတဲ့ မျိုးစိတ်တွေ(ဥပမာ- Bi dobacterium dentium)  ဖြစ်ပြီး  သုံးခုမှာ  သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် လိုအပ်တဲ့  ပရိုဘိုင်အိုတစ်များဖြစ်ကြပါတယ်။  အဲဒီ ပရိုဘိုင်အိုတစ်မျိုး စိတ်တွေကတော့ B.bi dum၊ B.longum နဲ့ B.lactis တို့ဖြစ်တယ်။ ဒီမျိုးစုဝင် ပရိုဘိုင်အိုတစ် တွေဟာ လူကြီးတွေထက် ကလေးတွေမှာအဓိကတွေ့ရပြီး   မွေးစမှ ၁ နှစ်အထိ ရောဂါကာကွယ်ရေး အတွက် အထူးအရေးပါလှပါတယ်။

(၁) ဘိုင်ဖီဒိုဗက်တီးရီးယားဘိုင်ဖီဒမ်

လူရဲ့ခံတွင်း၊ အူလမ်းကြောင်း၊ အမျိုးသမီးအင်္ဂါနဲ့ မိခင်နို့ရည်တွေမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် ခံတွင်းထဲကို ပြင်ပကရောဂါပိုးတွေ မဝင်ရောက်အောင် တားဆီးပေးပါတယ်။ ကလေးမွေးပြီးနောက် မိခင်မွေးလမ်းကြောင်း၌ ရှိသော  ဒီဗက်တီးရီးယားတွေဟာ   ကလေးထဲသို့ ရောက်ရှိလာပြီး ပွားများစေခြင်းဖြင့် ကလေးကိုကျန်းမာ စေပါတယ်။ ဗိုက်ခွဲမွေးတဲ့ကလေးတွေမှာ ဒီဗက်တီးရီး ယားတွေ တော်တော်နှင့်မရနိုင်ပါ။

(၂) ဘိုင်ဖီဒိုဗက်တီးရီးယားလောင်ဂမ်

မွေးပြီးခါစကလေးငယ်များတွင် ခံတွင်းနဲ့အစာလမ်းကြောင်း တစ်လျှောက်တွင်အဓိကတွေ့ရပြီး လူကြီးပိုင်းတွင် သိပ်မတွေ့ရတာကြောင့် လက်တစ်အက်စစ် ထွက်စေခြင်းဖြင့် ရောဂါပိုးတွေ မဝင်ရောက်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန် စေပြီး သွားနဲ့ခံတွင်းအပါအဝင် အစာလမ်းကြောင်းတစ်လျှောက်ကို ကာကွယ်ပေးပါတယ်။

ဒေါက်တာခင်မောင်လွင်