ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေကာကွယ်ဖို့ စံချိန်မီတဲ့ နှာခေါင်းစည်းကိုတပ်ကြစို့

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေကာကွယ်ဖို့ စံချိန်မီတဲ့ နှာခေါင်းစည်းကိုတပ်ကြစို့

ယနေ့ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာ အလွန်ကိုပဲမြန်ဆန်လှပြီး နောက်ဆက်တွဲဆိုးကျိုးတွေကလည်း အလွန်ကိုပဲများပြားလှပါတယ်။ အဲဒီနောက်ဆက်တွဲ ဆိုးကျိုးတွေထဲမှာမှ လူတွေ အလုပ်အကိုင်ပျက်မှု၊ စီးပွားရေးကျဆင်းမှု၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ဒုစရိုက်မှုတွေများပြားလာမှုက ဘယ်သူမှမလိုချင်တဲ့အရာပါ။ စက်တင်ဘာ ၁၅ ရက်အထိ စာရင်းတွေအရဆိုရင် ကမ္ဘာပေါ်မှာဗိုင်းရပ်ကူးစက်ခံရသူစုစုပေါင်း သန်း ၃၀ နီးပါးရှိလာပါပြီ။ သေဆုံးသူအရေအတွက်ကတော့ တစ်သန်းနီးပါးရှိလာတာကိုတွေ့ရပါတယ်။ မိမိတို့အနေနဲ့ ကလည်း ဒီစာရင်းတွေထဲမှာ ဘယ်သူမှပါချင်မှာ မဟုတ်ပါဘူး။ ဒီစာရင်းထဲမှာ မပါချင်ဘူး ဆိုရင် မိမိတို့အနေနဲ့ ဘာတွေလုပ်နိုင်မလဲ။ အရင်ဆုံးကိုယ့်ကိုရောဂါမကူးစက်အောင် နေရပါမယ်။ ပြီးတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်မှာပါ ရောဂါကူးစက်မှုမရှိအောင်လုပ်ရပါမယ်။ အကောင်းဆုံး ကာကွယ်နည်းကတော့ ကိုယ့်အိမ်မှာကိုယ်နေပြီး ဘယ်သူနဲ့မှထိတွေ့ ဆက်ဆံမှု မရှိခြင်းပါပဲ။ ဒါပေမဲ့လည်း ဒီလိုနေဖို့ဆိုတာ တော်ရုံအားဖြင့်တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။

 

လူတွေဟာ တစ်နေ့တာစားဝတ်နေရေး အဆင်ပြေစေဖို့အတွက်သာမက အကြောင်းအမျိုးမျိုးကြောင့် နေအိမ်အပြင်ကို မဖြစ်မနေထွက်နေရတာတွေ ရှိပါတယ်။ နေအိမ်အပြင် ထွက်ရပြီဆိုရင် တခြားသူတွေနဲ့ ပြောဆိုထိတွေ့ဆက်ဆံရမယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှု မလုပ်ထားဘူးဆိုရင် ရောဂါကူးစက်ခံရနိုင်ခြေများပါတယ်။ အပြင်ကိုလည်း မဖြစ်မနေထွက်ရမယ်။ လူတွေနဲ့လည်း ပြောဆိုဆက်ဆံရမယ်။ ကိုယ့်ကိုလည်းရောဂါ မကူးစက်စေချင်ဘူး ဆိုရင်တော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရပါမယ်။ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကို လူမှုမီဒီယာတွေမှာ အချိန်မရွေးတွေ့နိုင်ပါတယ်။ ကိုယ့်ကို ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင် အဓိကအားဖြင့် အိမ်အပြင်ထွက်ရတဲ့အခါ ပါးစပ်နဲ့နှာခေါင်းစည်းလို့ခေါ်တဲ့  Mask ကို စနစ်တကျ တပ်ရပါမယ်။ ဆပ်ပြာနဲ့ရေကိုအသုံးပြုပြီး လက်ကိုမကြာခဏ ဆေးရပါမယ်။ ဆပ်ပြာနဲ့ရေ အလွယ်တကူမရနိုင်တဲ့အခါမှသာ လက်သန့်စင်ဆေးရည်ကို အသုံးပြုရ ပါမယ်။ ဒါတွေဟာ အခြေခံအကျဆုံးအချက်တွေ ဖြစ်ပါတယ်။ တချို့ လူတွေကတော့ နှာခေါင်းစည်းလည်း တပ်တယ်။ လက်လည်းဆေးတယ်။ ဒါတောင်မှ ရောဂါကူးစက်ခံရတယ်ဆိုပြီး ပြောနေကြတာတွေ ကြားရပါတယ်။ ဒါဆိုရင် သူတို့အနေနဲ့ နှာခေါင်းစည်းကိုစနစ်တကျတပ်လား၊ အသုံးပြုတဲ့နှာခေါင်းစည်းက အရည်အသွေး ပြည့်မီရဲ့လား စတဲ့အချက်တွေကို ပြန်သုံးသပ်ရမှာပါ။ တချို့က နှာခေါင်းစည်းတော့ တပ်ပါတယ်။ ဒါပေမဲ့ ပါးစပ်နဲ့ နှာခေါင်းကိုစည်းဖို့ထက် မေးစေ့ကိုပဲ စည်းထားတာမျိုး တွေလည်း မမြင်ချင်မှအဆုံးတွေ့ရပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့ အရည်အသွေးပြည့်မီတဲ့ စံချိန်မီ နှာခေါင်းစည်းက ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံရမလဲဆိုတာ ပြည်သူလူထုတစ်ရပ်လုံးသိရှိဖို့ အလွန်အရေးကြီး ပါတယ်။ ကမ္ဘာမှာရောဂါကူးစက်မှုစဖြစ်တုန်းက ဒီရောဂါရဲ့ အလားအလာကို လူတွေက လျှော့တွက်ခဲ့မိပါတယ်။ ဒါကြောင့်လည်း ရောဂါဖြစ်နေသူ မဟုတ်ဘူးဆိုရင် နှာခေါင်းစည်း တပ်ဖို့ မလိုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်၌က ထုတ်ပြန်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဖြစ်လာနိုင်တဲ့ကမ္ဘာ့ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုတွေမရှိတာကြောင့် နှာခေါင်းစည်း ထုတ်လုပ်ရေးလုပ်ငန်းမှာ ကသောင်းကနင်းတွေဖြစ်ပြီး ဈေးကွက်ထဲမှာ နှာခေါင်းစည်းတွေ ပြတ်လုနီးပါး ဖြစ်သွားပါတယ်။ ဒါကြောင့် အဝတ်စနဲ့လုပ်ထားတဲ့ နှာခေါင်းစည်းတွေကို အသုံးပြုနိုင်တယ်ဆိုပြီး နောက်ဆက်တွဲ ထုတ်ပြန်ချက်တွေ ထွက်လာပါတယ်။ တကယ်တမ်းမှာ အဝတ်စနဲ့လုပ်ထားတဲ့နှာခေါင်းစည်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမှန်တကယ် မကာကွယ်နိုင်ပါဘူး။ ဒါတောင်မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထား တာက သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အလွှာသုံးလွှာပါ အဝတ်နှာခေါင်းစည်း ဖြစ်ပါတယ်။ ယနေ့လို ဈေးကွက်ထဲမှာ သတ်မှတ်စံချိန်စံညွှန်းနဲ့မကိုက်ညီတဲ့ အလွှာ တစ်လွှာ၊ နှစ်လွှာပါအဝတ်နှာခေါင်းစည်းတွေကိုသာ တပ်မိရင်တော့ လူကြားထဲသွားတဲ့အချိန် ရောဂါကူးစက်ခံရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဒီတော့ ရောဂါကူးစက်မှုကို   ရာနှုန်းပြည့် နီးပါး ကာကွယ်ပေးနိုင်တဲ့ နှာခေါင်းစည်းဆိုတာ ဘယ်လိုမျိုးလဲ။ ဘယ်လိုစံချိန်စံညွှန်းတွေနဲ့ ပြည့်မီရမလဲ။ ဘယ်လိုစမ်းသပ်ရမလဲဆိုတာတွေကို တင်ပြချင်ပါတယ်။

ပထမဆုံး ရောဂါကူးစက်မှုကိုရာနှုန်းပြည့်နီးပါး ကာကွယ်ပေးနိုင်တဲ့ နှာခေါင်းစည်း အကြောင်းကို ပြောချင်ပါတယ်။ အဲဒီလို နှာခေါင်းစည်းဆိုတာခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (Surgical Mask) ပါ။ ဒီနှာခေါင်းစည်းမှာ အလွှာ သုံးလွှာပါပါတယ်။ ပါတဲ့အလွှာသုံးလွှာ ကလည်း တွေ့ကရာအစတွေကိုထည့်ထားတာမဟုတ်ပါဘူး။ သူ့မှာ သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်ရှိပါတယ်။ စံချိန်မီတဲ့နှာခေါင်းစည်းတစ်ခုဟာ ဗက်တီးရီးယားတွေမဝင်နိုင်မှု၊ မတူညီတဲ့ဖိအားရှိမှု၊ အလွန်တရာသေးငယ်လှတဲ့ အမှုန်တွေမဝင်နိုင်မှု၊ လူ့ခန္ဓာကိုယ်က ထွက်တဲ့သွေး မစိမ့်နိုင်မှု၊ အလွယ်တကူမီးမလောင်နိုင်မှု ဆိုတဲ့စံချိန်စံညွှန်းတွေရှိရပါတယ်။ ကိုယ့်လက်ထဲမှာရှိတဲ့ နှာခေါင်းစည်းဟာ စံချိန်မီတဲ့ နှာခေါင်းစည်း တစ်ခုဟုတ်၊ မဟုတ် ဆိုတာကို ကိုယ်ကိုယ်တိုင်လည်း စမ်းသပ်နိုင်ပါသေးတယ်။ နည်းလမ်းတွေကတော့ အမြင်အားဖြင့် စမ်းသပ်မှု၊ မီးရှို့စမ်းသပ်မှု၊ ရေစိမ့်ဝင်ခြင်းစမ်းသပ်မှု၊ တည်ငြိမ် လျှပ်စစ်နည်းဖြင့် စမ်းသပ်မှု၊ အလင်းဖောက်စမ်းသပ်မှု၊ လေထွက်၊ မထွက် စမ်းသပ်မှုတို့ပဲ ဖြစ်ပါတယ်။

အမြင်အားဖြင့်စမ်းသပ်မှု

အမြင်အားဖြင့်စမ်းသပ်မှုမှာတော့ ကိုယ့်လက်ထဲမှာရှိတဲ့ နှာခေါင်းစည်းက  အလွှာသုံးလွှာ ပါလား၊ မပါဘူးလားဆိုတာကို မျက်စိနဲ့ကြည့်ရှုစစ်ဆေးမှု ဖြစ်ပါတယ်။ စံချိန်မီ နှာခေါင်းစည်းကို ကတ်ကြေးနဲ့ညှပ်လိုက်မယ်ဆိုရင် အလွှာသုံးလွှာပါတာကို တွေ့ရပါမယ်။ အပြင်ဘက်ဆုံးအလွှာကတော့ အများအားဖြင့်အပြာရောင်ရှိပါတယ်။ သူ့ရဲ့အသားက ရေစိမ့် မဝင်နိုင်တဲ့ ရက်ချည် မဟုတ်တဲ့အသားပါ။ အလယ်ကတော့ Melt-blown လို့ခေါ်တဲ့ အသားဖြစ်ပြီး အဖြူရောင်ရှိပါတယ်။ သူ့ရဲ့အဓိကတာဝန်က ဗိုင်းရပ်တွေရှေ့ဆက်မသွားဘဲ ကပ်ငြိနေစေဖို့ဖြစ်ပါတယ်။ အတွင်းဘက်ဆုံးအလွှာကတော့ စုပ်ယူမှုအားကောင်းတဲ့ ရက်ချည် မဟုတ်တဲ့ အသားဖြစ်ပါတယ်။ သူ့ရဲ့တာဝန်က ကိုယ့်ပါးစပ်ကနေထွက်တဲ့ တံတွေးတွေ၊ အရည်တွေကို စုပ်ယူထားဖို့ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်လက်ထဲက နှာခေါင်းစည်းဟာ အလွှာသုံးလွှာမပါဘူးဆိုရင် အသုံးမပြုပါနဲ့။ ဒါကိုမှအသုံးပြုရင်တော့ ရောဂါကူးစက်ခံရနိုင်ပါတယ်။

မီးရှို့စမ်းသပ်မှု

မီးရှို့စမ်းသပ်မှုဆိုတာကတော့ ဗိုင်းရပ်ကိုရှေ့ဆက်မသွားနိုင်အောင် ဖမ်းချုပ်ထားတဲ့ အလယ်လွှာကို မီးရှို့စမ်းသပ်ကြည့်ခြင်း ဖြစ်ပါတယ်။ အလယ်လွှာကို မီးရှို့ကြည့်လိုက်ရင် မီးညွန့်တက်ပြီးမီးလောင်မှုမျိုးမရှိပါဘူး။ ဒါပေမဲ့ အစကတော့ အရည်ပျော်သွားပါတယ်။ ဒါဟာ ရက်ချည်မဟုတ်ဘဲ ပလတ်စတစ်လိုမျိုးအစကို သုံးထားလို့ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ရက်ချည်ကိုသာသုံးထားတယ်ဆိုရင် မီးညွန့်တက်ပြီးလောင်သွားမှာပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့နှာခေါင်းစည်းဟာ သတ်မှတ်စံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့အတွက် မသုံးသင့်ပါဘူး။

ရေစိမ့်ဝင်နိုင်ခြင်းစမ်းသပ်မှု

ရေစိမ့်ဝင်နိုင်ခြင်းရှိ၊ မရှိစမ်းသပ်တာကတော့ အပြင်ဘက်ဆုံးအလွှာနဲ့ အတွင်းဘက်ဆုံး အလွှာကို စမ်းသပ်တာဖြစ်ပါတယ်။ ရှေ့မှာပြောခဲ့သလိုပဲ အပြင်ဘက်ဆုံးအလွှာဟာ ရေစိမ့် မဝင်နိုင်တဲ့ ရက်ချည်မဟုတ်တဲ့အသားနဲ့ လုပ်ထားတာဖြစ်ရမှာပါ။ နှာခေါင်းစည်းပေါ်ကို ရေအနည်းငယ်လောင်းချလိုက်လို့ အဲဒီရေဟာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ဖြစ်တယ် ဆိုရင်တော့ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရေကနှာခေါင်းစည်းထဲကို စိမ့်ဝင်သွားတယ်ဆိုရင်တော့ ဒါဟာစံချိန်မမီတဲ့ နှာခေါင်းစည်းဖြစ်တာကြောင့် အသုံး မပြုတာသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ နှာခေါင်းစည်းအတွင်းဘက်ကတော့ အပြင်ဘက်နဲ့ ပြောင်းပြန်ဖြစ်ပြီး ရေစုပ်ယူနိုင်စွမ်းရှိရမှာပါ။ ဒါမှသာ ကိုယ့်ပါးစပ်ထဲက ထွက်တဲ့ တံတွေးတွေ၊ ချွေးတွေကို နှာခေါင်းစည်းကစုပ်ယူထားနိုင်မှာဖြစ်ပါတယ်။

တည်ငြိမ်လျှပ်စစ်နည်းဖြင့်စမ်းသပ်မှု

တည်ငြိမ်လျှပ်စစ်နည်းနဲ့ စမ်းသပ်တာက အလယ်လွှာကိုစမ်းသပ်တာပါ။ မိမိတို့ကျောင်းသား ဘဝတုန်းက စက္ကူတွေကို အပိုင်းပိုင်းဖြစ်အောင်လုပ်၊ ပေတံကိုစာအုပ်ကြားထဲညှပ်ပြီး အပူရအောင်ပွတ်ဆွဲ၊ ပြီးရင်စက္ကူတွေ အပေါ်တင်ကြည့်တဲ့အခါ စက္ကူတွေကပေတံမှာ ကပ်လာတာကိုကြည့်ပြီးပျော်ခဲ့ဖူးမှာပါ။ ပေတံမှာစက္ကူတွေ ကပ်လာတာဟာ တည်ငြိမ် လျှပ်စစ်ကြောင့် ဖြစ်ပါတယ်။ အခုစမ်းသပ်နည်းမှာလည်း နှာခေါင်းစည်းရဲ့အလယ်လွှာက တည်ငြိမ်လျှပ်စစ်စွမ်းအင်ရှိပါတယ်။ အလယ်လွှာအစကို အပိုင်းပိုင်းဖြစ်အောင်ညှပ်ပြီး တခြား အရာဝတ္ထုနဲ့ ဆွဲကြည့်တဲ့အခါမှာ အလယ်လွှာအစတွေပါလာတာကို တွေ့ရမှာပါ။ ဒီလိုမျိုးမဖြစ်ဘူးဆိုရင်တော့ ဒါဟာစစ်မှန်တဲ့ Melt-blown အစနဲ့လုပ်ထားတာ မဟုတ်တဲ့ အတွက် အဲဒီနှာခေါင်းစည်းကို အသုံးမပြုသင့်ပါဘူး။

အလင်းဖောက်စမ်းသပ်မှု

အလင်းဖောက်စမ်းသပ်မှုနဲ့ လုပ်မယ်ဆိုရင် နှာခေါင်းစည်းရဲ့ အလယ်လွှာကို လုပ်ရမှာပါ။ အလယ်လွှာဟာ ဗိုင်းရပ်တွေကပ် ငြိစေဖို့အဓိက လုပ်ထားတာဖြစ်တဲ့အတွက် စိမ့်ဝင်နိုင်မှု တစ်နည်းအားဖြင့် ဖောက်ဝင်နိုင်မှု အနည်းဆုံးဖြစ်ရမှာဖြစ်ပါတယ်။ အလယ်လွှာကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တဲ့အခါ တစ်ဖက်မှာအလင်းကတအားစိမ့်ထွက်သွားတယ်ဆိုရင်တော့ ဒါဟာ စံချိန် မီတဲ့နှာခေါင်းစည်း မဟုတ်ပါဘူး။ စံချိန်မီတဲ့နှာခေါင်းစည်းဆိုတာ အလယ်လွှာကို ဓာတ်မီးနဲ့ထိုးကြည့်ရင်တောင်မှ တစ်ဖက်မှာအလင်းကပျပျလေးပဲမြင်ရမှာ ဖြစ်ပါတယ်။

လေထွက်၊ မထွက်စမ်းသပ်မှု

လေထွက်၊ မထွက်စမ်းသပ်မှုမှာတော့ နှာခေါင်းစည်းတစ်ခုလုံးကိုတပ်ပြီး လေမှုတ်ထုတ်ခြင်း နည်းပဲ ဖြစ်ပါတယ်။ ဒီလိုစမ်း သပ်တဲ့အခါမှာ စံချိန်မီနှာခေါင်းစည်းဆိုရင် လေက နှာခေါင်း စည်းအပြင်ဘက်ကို မထွက်ပါဘူး။ ပါးစပ်ကထွက်တဲ့လေနဲ့အတူပါလာနိုင်တဲ့ ဗိုင်းရပ်တွေကို နှာခေါင်းစည်းကဖမ်းယူထားရမှာဖြစ်တဲ့အတွက် တံတွေးတို့၊ ချွေးတို့၊ ရေတို့ဟာလည်း နှာခေါင်းစည်းထဲကိုပဲ စိမ့်ဝင်သွားရမှာဖြစ်တာကြောင့် လေထွက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အလွယ်ကူဆုံးစမ်းသပ်နည်းကတော့ မီးထွန်းထားတဲ့ ဖယောင်းတိုင်ကို နှာခေါင်းစည်းတပ်ထားတဲ့ပါးစပ်နဲ့အနီးကပ်မှုတ် ကြည့်ပါ။ ဖယောင်းတိုင် မီးကိုလေတိုးသွားတယ်ဆိုရင်တော့ အဲဒီနှာခေါင်းစည်းဟာ အသုံးမပြုသင့်တဲ့နှာခေါင်းစည်း ဖြစ်ပါတယ်။

ပြည်သူများအတွက်တိုက်တွန်းချက်

ယနေ့ဈေးကွက်မှာ တံဆိပ်အမျိုးမျိုး၊ ပါဝင်တဲ့ကုန်ကြမ်းပစ္စည်းအမျိုးမျိုးနဲ့ ထုတ်လုပ် ရောင်းချနေတဲ့ နှာခေါင်းစည်းတွေ အများအပြားရှိပါတယ်။ တချို့ကလည်း နှာခေါင်းစည်း ဖြစ်ရင်ပြီးရောဆိုပြီး တစ်နပ်စားစိတ်ဓာတ်နဲ့ ထုတ်လုပ်ကြတာပါ။ တစ်ကယ်စေတနာပါသူ တွေကတော့ စံချိန်စံညွှန်းပြည့်မီတဲ့ သုံးလွှာနှာခေါင်းစည်းအစစ်အမှန်ကို ထုတ်လုပ်ကြ ပါတယ်။ စံချိန်မီသုံးလွှာနှာခေါင်းစည်းအစစ်ဟာ အနည်းငယ်ဈေးကြီးပါတယ်။ ဒါပေမဲ့လည်း လူတိုင်းတတ်နိုင်တဲ့ ပမာဏဖြစ်တာကြောင့် ဘယ်သူမဆိုအသုံးပြုနိုင်ပါတယ်။ စံချိန်မမီတဲ့ နှာခေါင်းစည်းတွေကတော့ အထဲမှာနှစ်လွှာတည်း ပါချင်ပါနိုင်ပါတယ်။ နှစ်လွှာတည်းပါတဲ့ အတွက် ဈေးကလည်း အနိမ့်ဆုံးဖြစ်နေတတ်ပါတယ်။ လူတွေရဲ့သဘောသဘာဝက အပြင်ပန်းကြည့်လို့ပုံစံတူတယ်ဆိုရင် ဈေးနှုန်းသက်သာတာကိုရွေးလေ့ရှိကြပါတယ်။ နောက် ဆက်တွဲအကျိုးဆက်ကတော့ ရောဂါကူးစက်ခံရနိုင်တာပါပဲ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်အသက်မသေအောင်ကာကွယ်ပေးမယ့် နှာခေါင်းစည်းတစ်ခုကိုရွေးချယ်ရာမှာ ဈေးနှုန်း အလွန်အမင်း သက်သာနေမှုထက် စံချိန်မီအရည်အသွေးရှိတဲ့ နှာခေါင်းစည်းကိုသာ ရွေးချယ်သင့် ပါတယ်။ ဒါမှသာ ရောဂါကူးစက်မှုကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မှာ ဖြစ်သလို ကိုယ့်ဆီကနေ သူတစ်ပါးဆီ ရောဂါပျံ့နှံ့နိုင်မှုကို လည်းကာကွယ်ပြီးသားဖြစ်မှာပါ။ နောက်ဆုံးတစ်ချက်အနေနဲ့ အကြံပြုလိုတာက ပြည်သူ လူထုတစ်ရပ်လုံးအနေနဲ့ စံချိန်မီတဲ့ နှာခေါင်းစည်းကိုသုံးစွဲမှသာ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို မောင်းထုတ်နိုင်မှာဖြစ်သလို မိမိတို့ မျှော်လင့်တောင့်တနေတဲ့ အရင်လိုနေ့ရက်တွေကိုပြန်လည် ပိုင်ဆိုင်ရမှာဖြစ်ကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။

မောင်ငြိမ်းချမ်း(သန်လျင်)