တရုတ်က တရုတ်(တိုင်ပေ) အရေးနှင့်ပတ်သက်၍ လစ်သူရေးနီးယား နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချ

တရုတ်က တရုတ်(တိုင်ပေ) အရေးနှင့်ပတ်သက်၍ လစ်သူရေးနီးယား နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချ

တရုတ်အစိုးရက တရုတ်(တိုင်ပေ) အရေးနှင့် ပတ်သက်၍ လစ်သူရေးနီးယား နိုင်ငံနှင့်သံတမန် ဆက်ဆံရေးကို နိုဝင်ဘာ ၂၁ ရက်တွင် အဆင့်လျှော့ချလိုက်ကြောင်း သိရသည်။

လစ်သူရေးနီးယား အစိုးရအနေဖြင့် ၎င်း၏နိုင်ငံအတွင်း   တရုတ်(တိုင်ပေ) ကိုယ်စားလှယ်ရုံးကို ဖွင့်ခွင့်ပြုသည့်အတွက် တရုတ်အစိုးရက ယခုကဲ့သို့ သံတမန်အဆင့်လျှော့ချခြင်းဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီကလည်း တရုတ်နိုင်ငံနှင့် တရားဝင် သံတမန်ဆက်ဆံရေး ရှိသည့် လစ်သူရေးနီးယား နိုင်ငံက နိုင်ငံအတွင်း တရုတ်(တိုင်ပေ) အစိုးရရုံးတစ်ရုံး ဖွင့်လှစ် ခွင့်ပြုမှုအပေါ် တရုတ်အစိုးရက မကျေနပ်ကြောင်း ပြသသည့်အနေဖြင့် သြဂုတ်လတွင် ၎င်းတို့၏သံအမတ်ကြီးကို နိုင်ငံသို့ပြန်ခေါ်ခဲ့သည်။

ဥရောပနှင့် အမေရိကန်တို့က တရုတ်(တိုင်ပေ)ရုံးများကို  ထိုင်ဝမ်ဟု အမည်ပေးခွင့်မပြုဘဲ တိုင်ပေဟုသာ အသုံးပြု ဖွင့်လှစ်ခွင့်ပေးထားစဉ် လစ်သူရေးနီးယားက ထိုင်ဝမ်ဟုအမည်ပေးကာ ဖွင့်လှစ်စေသည့်အတွက် တရုတ်အစိုးရက သံတမန်အဆင့်ကို သံရုံးတာဝန်ခံသာ ထားရှိသည့်အဆင့်သို့ လျှော့ချခြင်းလည်းဖြစ်သည်။

လစ်သူရေးနီးယား နိုင်ငံသည် တရုတ်နိုင်ငံက အလေးအနက်ထားသော ရပ်တည်ချက်နှင့် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံစံနှုန်းများကို လျစ်လျူရှုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လစ်သူရေးနီးယားနိုင်ငံ၏ လုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေတည်တံ့ ခိုင်မြဲမှုကို လျော့ပါးစေကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်   ဆက်လက်ဖော်ပြထားသည်။

ထို့ကြောင့် လစ်သူရေးနီးယား နိုင်ငံအနေဖြင့် အမှားများကို ချက်ချင်းပြန်ပြင်ရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုတို့ကို ကာကွယ်ရေးအတွက် တရုတ်ပြည်သူများ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကိုလျှော့ မတွက်ရန်  တရုတ်အစိုးရက တိုက်တွန်းထားသည်။

တရုတ်(တိုင်ပေ)၏ လုပ်ဆောင်ချက်က မည်သို့ပင်ဖြစ်စေကာမူ ယင်းဒေသသည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်သည် ဆိုသော အမှန်တရားကို ပြောင်းလဲစေမည်မဟုတ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်အစိုးရ၏ လုပ်ဆောင်ချက်အပေါ် များစွာ ဝမ်းနည်းကြောင်း၊ တရုတ်(တိုင်ပေ)ကိုရုံးဖွင့်ခွင့်ပေးခြင်းသည်  စီးပွားရေး အကျိုး စီးပွားများကြောင့်သာ  ဖြစ်ကြောင်းနှင့် လစ်သူရေးနီးယား နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် အတည်ပြုစွဲကိုင် ထားဆဲဖြစ်ကြောင်း လစ်သူရေးနီးယား နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ပြန် ထားသည်။