ပြည်တွင်းဖရဲဈေးကွက်၌ ဈေးကောင်းရနေပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

ပြည်တွင်းဖရဲဈေးကွက်၌ ဈေးကောင်းရနေပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

ယခုနှစ် ဖရဲရာသီအတွက် တောင်သူအများစုမှာ   ပြည်တွင်းဈေးကွက်ကိုသာ အားထားစိုက်ပျိုးခဲ့ကြရာ လက်ရှိတွင် ဈေးကွက်အတွင်း ဖရဲဈေးကောင်း ရရှိနေပြီး ဖရဲတစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းဝန်းကျင်အထိ  အမြတ်ရရှိသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဖရဲစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများထံမှ သိရသည်။

''အဲဒီလောက်အထိ အမြတ်ကျန်တယ် ဆိုတော့ မဆိုးပါဘူး။ လက်ရှိ ရန်ကုန်ကိုပဲ အဓိကတင်ပို့နေတယ်''ဟု စစ်ကိုင်းတိုင်း ဒေသကြီးမှ ဖရဲစိုက်ပျိုးသူ တစ်ဦးကပြောသည်။

လက်ရှိတွင် ရန်ကုန်အရောက် ဖရဲသီး အလုံးရေ ၁ဝဝဝ ဆံ့ယာဉ်တစ်စီးလျှင် ငွေ ကျပ် ၃၃ သိန်း၊ ဖရဲသီးအလုံးရေ ၁၃ဝဝ ဆံ့ယာဉ်တစ်စီးလျှင် ငွေကျပ် ၃၁ သိန်း၊ ဖရဲသီးအလုံးရေ ၁၅ဝဝ ဆံ့ ယာဉ်တစ်စီး လျှင် ငွေကျပ် ၂၈ သိန်းအထိ ဈေးနှုန်းရရှိ နေကြောင်း သိရသည်။

ပြည်တွင်း၌  ဖရဲကို  စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ဧကအနည်းငယ် စိုက်ပျိုးပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့ တွင်   ဧကအများအပြား စိုက်ပျိုးလေ့ရှိ ကြောင်း သိရသည်။

''ဒီနှစ်တော့  ပြည်တွင်းဈေးကွက်ကိုပဲ အားထားစိုက်ကြတာပါ။  အခု  ကျင်စန်း ကျော့ဂိတ်ပြန်ဖွင့်ဖို့  စီစဉ်နေတယ်လို့ကြားတယ်။ ကျင်စန်းကျော့ဂိတ်သာ ပြန်ဖွင့်မယ် ဆိုရင်   တောင်သူတွေအတွက်   အကျိုးရှိ မှာပါ'' ဟု ၎င်းကပြောသည်။

ပြည်တွင်းမှထွက်ရှိသည့် ဖရဲ၊ သခွား မွှေးကို ပြည်ပသို့ အဓိက တင်ပို့လေ့ရှိသော် လည်း  ပြီးခဲ့သည့်ရာသီက ကျင်စန်းကျော့ ဂိတ်ကို  ပိတ်ထားသည့် အတွက်  ယခုနှစ်တွင်  ဖရဲကို  လျှော့ချစိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

ယခင်က   ပြည်တွင်းမှ ထွက်ရှိသည့် သခွားမွှေးကို ပြည်ပသို့ တစ်နှစ်ပတ်လုံး တင်ပို့ခဲ့ပြီး ဖရဲကို  နိုဝင်ဘာလမှ မေလအထိ    တင်ပို့လေ့ရှိကြောင်း၊   ၂ဝ၁၈- ၂ဝ၁၉  ဘဏ္ဍာနှစ်က  ပြည်ပသို့   ဖရဲတန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် ၁ ဒသမ ၅  သိန်း တင်ပို့နိုင်ခဲ့ကာ ၂ဝ၁၉-၂ဝ၂ဝ   ဘဏ္ဍာနှစ်တွင်  ဖရဲတန်ချိန် ခြောက်သိန်းနှင့်    သခွားမွှေးတန်ချိန် ၁ ဒသမ ၄ သိန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။