ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁၉ဝ၇ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ်  ၄၇၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ  ၁၅ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁၉ဝ၇ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ်  ၄၇၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ  ၁၅ ရာခိုင်နှုန်းရှိ

နေပြည်တော်  နိုဝင်ဘာ  ၃ဝ

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊  ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့်  အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၉-၁၁-၂ဝ၂၁ ရက် ည ၈ နာရီမှ ၃ဝ-၁၁-၂ဝ၂၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁၉ဝ၇  ခုအား   စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၄၇၁ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ  ၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၅၈၃၉ဝ၈ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၂၂၄ဝ၂ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်ဆေးရုံဆင်းခွင့် ရရှိသူ ၅၈၉ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၉၇၂၄၉ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခုနစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၁ဝ၄ ဦးရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အားတက်သရော ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ စနစ်တကျ စည်းကမ်းလိုက်နာမှု၊ ဌာနဆိုင်ရာ အသီးသီးမှ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုရေးအသင်း အဖွဲ့အစည်းများမှ တက်ကြွစွာ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ရောဂါစောင့်ကြပ် ကြည့်ရှုရေးဆိုင်ရာ ရက်သတ္တပတ်အလိုက်သုံးသပ်ချက်များအရ ဓာတ်ခွဲအတည်ပြု လူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းတို့မှာ တဖြည်းဖြည်းလျော့နည်း ကျဆင်းလာခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်းမှာလွန်ခဲ့သော ၁၂ ရက် ဆက်တိုက် ၃ ရာခိုင်နှုန်းအောက်အထိ လျော့နည်း ကျဆင်းလာခဲ့ကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။