အိုမေခရွန်မျိုးဗီဇပြောင်း ဗိုင်းရပ်ကူးစက်ရာ နိုင်ငံ/ဒေသများမှ လာရောက်သူများအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း သို့မဟုတ် အသွားအလာ ကန့်သတ်ချိန် တိုးမြှင့် ထားရှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်

အိုမေခရွန်မျိုးဗီဇပြောင်း ဗိုင်းရပ်ကူးစက်ရာ နိုင်ငံ/ဒေသများမှ လာရောက်သူများအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း သို့မဟုတ် အသွားအလာ ကန့်သတ်ချိန် တိုးမြှင့် ထားရှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်

နေပြည်တော်  နိုဝင်ဘာ  ၃ဝ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄)၌ ယနေ့နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင်  ယခုအခါ   မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တတိယလှိုင်းကို အတိုင်းအတာ တစ်ခုအထိ ကောင်းစွာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း စိုးရိမ်ဖွယ် ကူးစက်ပျံ့နှံ့မှုများ   ဖြစ်ပွားနိုင်သည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး Variants of Concern) အုပ်စုတွင် ၂၆-၁၁-၂ဝ၂၁ ရက်တွင်      ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထပ်မံ၍  ထည့်သွင်းခဲ့သည့်  အိုမေခရွန် (Omicron) မျိုးဗီဇပြောင်း ရောဂါပိုးအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုများကို တွေ့ရှိနေရကြောင်း၊ အဆိုပါ မျိုးဗီဇပြောင်း ရောဂါပိုးများ မိမိတို့နိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနှင့် မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ်  ကြီးမားစွာ ဖြစ်ပေါ်မလာစေရေး၊  ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျစီမံချက် ရေးဆွဲ၍   အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

အာဖရိကတိုက်တောင်ပိုင်း ဒေသနိုင်ငံများနှင့် အခြားအိုမေခရွန် (Omicron) မျိုးဗီဇပြောင်းဗိုင်းရပ်များ   ဝင်ရောက်ကူးစက်ရာ နိုင်ငံ/ဒေသများမှ  လာရောက်သူများအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း  သို့မဟုတ် အသွားအလာ ကန့်သတ်ချိန် တိုးမြှင့်ထားရှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RT-PCRဖြင့် အကြိမ်တိုးမြှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ နယ်စပ်ဒေသများတွင် စနစ်တကျ ကွာရန်တင်း ဝင်ရောက်ခြင်းနှင့် RT-PCR  ဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းကိုလည်း

စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပြီး RT- PCR အဖြေ negative ဖြစ်မှသာ မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာဒေသများသို့ စနစ်တကျ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း၊ RT-PCR စက်များကိုလည်း   မြဝတီမြို့၊ မူဆယ်မြို့နှင့်ကျိုင်းတုံမြို့တို့တွင် တပ်ဆင်ထားသကဲ့သို့      အခြားနယ်စပ်မြို့များတွင် ဆက်လက်တိုးချဲ့ တပ်ဆင်သွားမည်ဖြစ်ကြောင်း။

အဆိုပါ  မျိုးဗီဇပြောင်းရောဂါပိုးများ မိမိတို့နိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနှင့် မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ် ပြင်းထန်စွာ မဖြစ်ပွားစေရေးအတွက်  ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ၊  ဓာတ်ခွဲစစ်ဆေးရေး လုပ်ငန်းများနှင့် မျိုးဗီဇ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ၊  ကွာရန်တင်းစင်တာနှင့် ကုသရေးစင်တာများ ကြိုတင်ပြင်ဆင် ထားရှိခြင်း လုပ်ငန်းများ၊ လိုအပ်သော အောက်ဆီဂျင်၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ရရှိစေရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ပြည်သူ့ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါပြင်းထန်လူနာများ အတွက် အထူးကြပ်မတ် ကုသဆောင်နှင့်   အောက်ဆီဂျင် ကုထုံးပေးနိုင်မည့် ခုတင်များကို အရေအတွက် တိုးမြှင့်၍    ကြိုတင်ပြင်ဆင် ထားရှိခြင်းလုပ်ငန်းများ ကောင်းစွာရရှိရေး  ပြင်ဆင်ထားရှိ ရမည်ဖြစ်ကြောင်း    ပြောကြားသည်။

ထို့နောက် ဆေးသုတေသန ဦးစီးဌာနမှ   ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဇော်သန်းထွန်းက  ကိုဗစ်-၁၉  ရောဂါမျိုးကွဲအသစ်နှင့် ပတ်သက်သည့် ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်း ဒေသကြီးအတွင်း   ကာကွယ် ဆေးထိုးနှံမှု အခြေအနေများနှင့် Quarantine Center များ  ပြင်ဆင်ထားရှိမှု အခြေအနေများ၊  လေဆိပ်အဝင်အထွက် များတွင် ကျန်းမာရေး စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍   အသီးသီး တင်ပြကြသည်။

အစည်းအဝေးသို့ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကျော်ဇေယျ၊ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်(ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန) ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။