နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့တွင် တစ်ပိုင်တစ်နိုင် ကြိမ်ပလိုင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု ဝင်ငွေရရှိ

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေမြို့တွင် တစ်ပိုင်တစ်နိုင် ကြိမ်ပလိုင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု ဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေမြို့တွင် နာဂဒေသ အသုံးအဆောင်ဖြစ်သော တစ်ပိုင်တစ်နိုင် ကြိမ်ပလိုင်း၊  တောင်းများ၊   ရိုးရာဆန်ကောများ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေ ရရှိလျက်ရှိသည်။

''ပလိုင်းတစ်ခုရက်လုပ်လျှင်  ၄  နာရီခန့် ကြာမြင့်ပါတယ်။  ကုန်ကြမ်းပစ္စည်း အနေနဲ့ဝါး၊ ကြိမ်၊ နှီးတွေကို အသုံးပြုပြီး ပလိုင်းတစ်ခုကို ငွေကျပ် ၁ဝဝဝဝ ဝင်ငွေရရှိပါတယ်။ ပလိုင်းတွေကို   ဒေသခံတွေက ထင်းခွေ၊ ရေခပ်၊ တောင်ယာသွားတဲ့အချိန် ထည့်စရာအဖြစ် ဘက်စုံအသုံးပြုကြပါတယ်။   ပလိုင်းအစိပ်၊  အကျဲ၊ အသေး၊ အကြီးပေါ်မူတည်၍    ဈေးနှုန်း အပြောင်းအလဲရှိပါတယ်။  တောင်ယာနားသည့် အချိန်တွင်    ၎င်းပလိုင်းတွေကို ရက်လုပ်ခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ မိသားစုဝင်ငွေ ရရှိပါတယ်''ဟု ကြိမ်ပလိုင်း၊ တောင်းများ၊ ရိုးရာဆန်ကောများ ရက်လုပ်သူ  ဦးဟန်ကြည်က ပြောသည်။

အဆိုပါမြို့တွင် ကြိမ်၊ နှီး၊ ဝါးများဖြင့် ပြုလုပ်ထားသည့် နာဂဒေသ အသုံးအဆောင် ဖြစ်သော ပလိုင်းအစိပ်၊ အကျဲ၊ ဆန်ချင်သည့်တောင်း၊ တောင်းအသေး၊ အကြီး၊ ငါးဖမ်းမြှုံး၊  ရိုးရာ ဆန်ကောများ အစရှိသည်တို့ကို  ဒေသခံများက အများဆုံးတွင်ကျယ်စွာ   အသုံးပြုလျက်ရှိပြီး ခရီးသွားများက လက်ဆောင်ပစ္စည်းများ အဖြစ်လည်း ဝယ်ယူကြကြောင်း သိရသည်။