လေးစားဂုဏ်ယူစရာ

ကျန်းမာရေးအရ အထူးအားဖြင့်  Covid-19 ကာကွယ်ရေးအတွက် မိမိအိမ်မှာနေကြတဲ့ Stay Home  ကာလတွေမှာ   ကျွန်မတို့ပြုလုပ်နေကျ စာဖတ်ဝိုင်းလေးမလုပ်ဖြစ်ခဲ့တာ ရက်မှသည် လတိုင်ခဲ့ပါပြီ။ မနေ့ကတော့ စာဖတ်ဝိုင်းလေးပြန်စဖြစ်ခဲ့ပါတယ်။ လက်ဆေးကာ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာထိုင်လို့ နှာခေါင်းစည်းတပ်တာအပါအဝင် ကျန်းမာရေးအတွက် လိုက်နာရမှာ တွေလိုက်နာရင်း စာဖတ်ဝိုင်းစခဲ့ကြခြင်းပါ။ အနေဝေးလို့ မီးဝေးချိတ်ဖြစ်တာလား အရင်ထက် တော့ လူနည်းတာဖြစ်ပေမယ့် ၁၅ ဦးထက်မပိုလို့ အဆင်တော့ပြေသားလို့ ဖြေတွေးတွေး မိပါတယ်။ တက်ရောက်လာတဲ့ စာရေးသူ၊ စာဖတ်သူ၊ စာပေချစ်မြတ်နိုးသူများ ကတော့ ဘဝရည်မှန်းချက်နဲ့ ပြဿနာအထွေထွေစာအုပ်ကလေးထဲက ဖတ်ထားမှတ်ထားတာ Review လုပ်လို့ ဆွေးနွေးကြပါတယ်။ အမြင်ချင်းဖလှယ်ကြနဲ့ စိတ်အားထက်သန်ကြလို့ပါ။ အနုပညာရှင် တွေရိုက်ကူးရေးအတွက် နိုင်ငံတော်ကကန့်သတ်ချက်တချို့နဲ့ခွင့်ပြုလိုက်တော့ ပျော်ကြကြည်နူး ကြတာ သတိရမိပါသေးတော့တယ်။

ကျွန်မတို့ စာပေချစ်မြတ်နိုးသူတို့ စာဖတ်ဝိုင်းက ဝိုင်းတော်သားများကလည်း ထိုနည်းနှင့် ပျော်နိုင်ကြပါတယ်။  လူသံယောဇဉ်မက စာပေသံယောဇဉ်တွေပါ တွယ်ငြိနေကြတာကြောင့် ဖြစ်မှာပါ။ စာဖတ်ဝိုင်းလေးကတော့ လေးနှစ်ကျော် ငါးနှစ်ထဲဝင်ပြီပေါ့။ စာဖတ်ဝိုင်းလေးပြီး သွားတဲ့အခါ စာကြည့်တိုက်ကနေ ဖတ်ချင်တဲ့ စာအုပ်နှစ်အုပ် ငှားယူခဲ့ပါတယ်။ အခု ကျွန်မရေး မှာက အဲဒီထဲကပြောတဲ့အကြောင်းအရာလေးပါ။   စိတ်ဝင်စားဖို့ကောင်းလွန်းတာကြောင့် ရေးပါရစေ။ စာပေမိတ်ဆွေများ၊ ပါးစပ်ရာဇဝင်တွင်တဲ့ စာအုပ်ဖတ်ပြီးကတည်းက မှော်ဘီ ဆရာသိန်းဆိုတဲ့ စာရေးဆရာကြီးကို အထူးစိတ်ဝင်စားခဲ့ပါတယ်။ ဘယ့်နှယ်ပါးစပ်ရာဇဝင် လဲပေါ့။ လက်စသတ်တော့ သမိုင်းစာအုပ်ထဲမှာ မပါခဲ့၊ မရှိခဲ့သော်လည်း ကွဲပြားခြားနားတဲ့ ရာဇဝင်အကြောင်းတွေ အရပ်ထဲက ပါးစပ်ကပြောတဲ့အကြောင်းတွေ ရေးသားထားတဲ့ စာအုပ် တွေပါ။ အဲဒါကြောင့် ဆရာကြီးမှော်ဘီဆရာသိန်းကို အပြင်မှာမရှိတော့ ကွယ်လွန်သွားသော် လည်း စာအုပ်ထဲမှာ အဖြေရှာကြည့်ချင်လို့၊ သရုပ်ဖော်ချင်လို့ ငှားလာတဲ့ “ မှော်ဘီသိန်း” စာအုပ်ထဲက ကောက်နုတ်ရေးသားပါမယ်။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးလောက်ဖြစ်မှာပါ။  နိုင်ငံတော်ကိုအင်္ဂလိပ်တို့အုပ်စိုးစဉ်ကာလ ဟံသာဝတီ စီရင်မှုအပိုင်း  မှော်ဘီမြို့အနီး မင်းရွာမှာလယ်စာရင်းငှား ဆင်းရဲသားမိသားစုလေး တစ်စုရှိပါတယ်။ ဦးရွှေကြူနှင့်ဇနီးဒေါ်ငွေတို့က သားသုံးယောက်၊ သမီးတစ်ယောက်ထွန်းကား ပါတယ်။ ဆင်းရဲချက်က လယ်စိုက်ပျိုးနုတ်  စပါးကြိတ်၊ မောင်းထောင်း  နွားကျောင်းစုံစီနဖာ  အကုန်လုပ်ရတဲ့သူရင်းငှားလယ်ကူလီဘဝဆင်းရဲလှတဲ့ အိမ်ထောင်စုလေးတစ်ခုပါ။ မွေးထားတဲ့ ကလေးတွေထဲက ဖိုးငြိမ်းနဲ့ ဖိုးသိန်းတို့ကိုးနှစ်၊ ၁၀ နှစ်သားအထိ ကျောင်းမထားနိုင်သေးပါဘူး။ ဖခင်ကို ကူညီပေးနေကြရတာဖြစ်လို့ ဖခင်ဦးရွှေကြူတစ်မျိုးတစ်ဖုံကြံပါတယ်။ ရွာဦးဘုန်းကြီး ကျောင်းပို့မယ်ဆိုလည်း စားဝတ်နေရေးက ရှိသေးပါတယ်။ ကိုရွှေမိတ်အိမ်ကိုအပ်ပြီး ခိုင်းလည်းခိုင်းပါ။ စာလည်းသင်ပေးပါပြောရတာပေါ့။ ကိုရွှေမိတ်ကသင်ပုန်းကြီးကုန်အောင် သင်ပေးသလို တစ်ခါ ဦးပိုက်အိမ်ကိုအပ်ဖြစ်တော့ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာရွှေချိုင့်၊  မင်္ဂလသုတ်အပြင် သင်ရိုးစာတွေသင်ပေးလိုက်ဖြစ်ပါတယ်။ ရှင်ပြုတဲ့အရွယ်မှာ ကိုရင်ဝတ်ရင်း ဘုန်းကြီးထံမှ ပရိတ်တွေနဲ့အဋ္ဌကထာတွေ ကျက်မှတ်သင်ယူတတ်မြောက် ဖြစ်ပြန်ပါတယ်။ ဝါကျွတ်လို့ ကိုရင်ထွက်တော့ ဝါသနာအတိုင်းဆိုင်းဝိုင်းမှာ ဝါးလက်ခုပ်တီး၊ စည်တီးလိုက်ပြန်သေးတယ်တဲ့။

အဲလိုနဲ့ ဖိုးသိန်း ၁၆ နှစ်သားအရွယ်မှာ နယ်ချဲ့အင်္ဂလိပ်တို့က ရုံးပြင်ကနားတွေဖွင့် အုပ်ချုပ်ရေး ယန္တရားတွင်ကျယ်ခိုင်မာနေပါပြီ။ လယ်ယာလုပ်ပိုင်ခွင့်အတွက် လယ်တိုင်းမြေတိုင်းတွေရှိတော့ သန်လျင်ဘက်က အမျိုးတွေရှိလို့ ဖိုးငြိမ်း၊ ဖိုးသိန်းတို့ အလုပ်သွားလုပ်ကြပါတယ်။ ညောင်ဝိုင်း ကျောင်းဘုန်းကြီး ဦးနန္ဒမာလထံ အပ်ပေးတော့ ပေအုပ်တွေ ပုရပိုက်အစောင်စောင်နဲ့ ဆုံးမစာနီတိတွေနဲ့ ကာရန်ထပ်ထားတဲ့ ကန်တော်မင်းကျောင်းဆရာတော် ဆုံးမစာနီတိတွေ လေ့လာစရာအပြည့်၊ ဦးပုညတရားရဲ့စာဆိုတာ နှစ်ခြိုက်လို့ အလွတ်ကျက်အသံနေအသံထားနဲ့ ဆိုကြည့်ပြောကြည့်ဟောကြည့် လာနားထောင်သူတွေတောင် ပြည့်လို့တဲ့။ မောင်ဖိုးသိန်း တစ်ယောက် ငယ်စဉ်ကာလက နွားကျောင်းသည်မှစ အောက်ခြေသိမ်း အလုပ်မရွေးလုပ်ခဲ့ရရှာ တာပါ။ပညာရှာတော့လည်း အဆင်ပြေသလို ကုတ်ကုတ်ကတ်ကတ်သင်ကြားရှာဖွေရတာပါ။ ဒါပေမဲ့ ဇွဲမလျှော့အားမငယ် ပညာကိုရအောင်ရှာဖွေခဲ့တဲ့ အကျိုးကျေးဇူးက သူတို့ခေတ်မြေတိုင်း စာရေး ပတ္တာစာရေးရာထူးလေးပေမယ့် စာပေအတတ် ဝမ်းစာအပြည့်ရှိတော့ တွေ့မြင်ပတ်သက် တဲ့မြို့အုပ်တွေက သဘောတွေ့လို့  အနားမှာခန့်အပ်တာဝန်ပေးခံရပါတယ်။ သူတို့ဆရာ   ကြေးတိုင်မြို့အုပ်   ဦးသာကင်း  အင်္ဂပူမြို့ကိုပြောင်းတော့ မောင်ဖိုးသိန်းလည်းပါသွားပါတယ်။ ဝင်ငွေတံဆိပ်ခေါင်းရောင်းတဲ့  အလုပ်ပါလုပ်ကိုင်လိုက်ပါသေးတယ်။

အခုကျွန်မစာရေးသူရေးချင်တဲ့အကြောင်း ရောက်ပါပြီ။ စာပေကိုစိတ်ဝင်စားလှတဲ့ ကိုဖိုးသိန်း စာပေသမားများနှင့်တွေ့ဆုံခွင့်ရရှိနိုင်ခြင်းပါပဲ။ အင်္ဂလိပ်ကအုပ်ချုပ်လို့ ရုံးအုပ်စာရေးအင်္ဂလိပ် ပုံစံရှိနေပေမယ့် အရပ်ထဲက မြန်မာဓလေ့ထုံးစံ၊ မြန်မာစာပေ ရှင်သန်လျက်ရှိနေပါတယ်။ အင်္ဂပူမှာတွေ့ရတဲ့ ရှေ့နေကြီးဦးရေးက ရုံးပိုင်းဆိုင်ရာဥပဒေတွေသာမက မြန်မာ့စာပေအမွေ အနှစ် ဦးပုညရဲ့ ဝိဇယပြဇာတ်၊ ပဒုမပြဇာတ်၊  ရာကျော်ဓားကျမ်း၊ မဏိရတနာပုံကျမ်းတွေပါ နှစ်သက်ပါတယ်။ ဝါသနာပါတဲ့သူတွေနဲ့ ညညဆို မောင်ဖိုးသိန်းအပါအဝင်  စာပေဝါသနာရှင် များ ဗဟုသုတဖြစ်ဖွယ် စာပေရေးရာတွေ ဆွေးနွေးကြသည်သာမက မိမိအားသန်ရာ စာပေပျို့ အလင်္ကာတွေရေးလာ၊ တောဘွဲ့တောင်ဘွဲ့တွေရေးလာပြီး ရွတ်ဆိုကြဖတ်ကြပါတယ်တဲ့။ တချို့ကလည်း မိမိနှစ်သက်ရာ ပျို့၊ မော်ကွန်းကဗျာတွေထဲက စာပိုဒ်တွေ ထုတ်နုတ်ရွတ်ဆိုကြ ပါတယ်တဲ့။ တစ်ခါတလေကျပြန်တော့  တေးထပ်တွေ၊ ဒွေးချိုးတွေ အပြိုင်အဆိုင်စပ်ဆိုကြပြီး ဦးရေးဆီအပ်ကြတယ်။

ရှေ့နေကြီးဦးရေးကလည်း ဝါသနာရှင်ဆိုတော့ သူလည်းသဘောကျ အများကလည်း နှစ်သက်ပြီ ဆို ပိုးပဝါ၊ ပိုးပုဆိုး လက်ဆောင်ပေးချီးမြှင့်ပြန်ပါတယ်တဲ့။ ရှေ့နေကြီး ဦးရေးတို့အိမ်ကို ကြွရောက်လာတဲ့ စာပေဝါသနာရှင်တွေက ကိုဖိုးသိန်းရဲ့ အပြောအဟောကောင်းလွန်းလို့ သဘောတွေကျနေကြလို့ပါ။ စည်ကားလွန်းလှပါတယ်။  စာရေးသူအနေနဲ့ အဲဒီစာဖတ်ဝိုင်းလေး ကို မျက်စိထဲမြင်ယောင်လာစေပါတယ်။ ကိုယ်တိုင်တောင် အနားမှာသွားနားထောင်မိသလို ဖြစ်ပြီး  ရင်မှာပီတိဖြစ်လာမိပါတယ်။  ပြီးတော့  ကျွန်မဆောင်းပါးအစမှာ ရေးသားခဲ့သလို  ကျွန်မတို့ စာဖတ်ဝိုင်းလေးကိုစိတ်ထဲပြန်မြင်လာပြီး ပီတိပွားရပါတယ်။  စာပေဝါသနာဆိုတာ ဝါသနာတူသူချင်းစုဝေးကြတာပါလား။ နယ်ချဲ့စိုးမိုးတဲ့ခေတ်မှာတောင် မြန်မာစာပေချစ်မြတ်နိုး သူတွေ တပေါင်းတစည်းတည်း ရှိနေကြတာပါလားလို့တွေးပြီး ဂုဏ်ယူမိပါတယ်။ မြန်မာစာ၊  မြန်မာစကားမြတ်နိုးတန်ဖိုးထားခြင်းခံရလို့လည်း ဂုဏ်ယူမိပါတယ်။ လေးလည်း လေးစားမိ ပါတယ်။ ဆိုလိုရင်းက အဲဒီအကြောင်းပါ။

ကျွန်မငှားလာတဲ့ “မှော်ဘီသိန်း”ဆိုတဲ့ စာအုပ်လေးက စာပေဗိမာန်ကထုတ်ဝေတာပါ။ ၁၉၇၄ ခုနှစ်  အုပ်ရေ ၂၇၀၀၀ ထုတ်ရပါတယ်။ ဒီခေတ်နဲ့ယှဉ်ကြည့်ပါ။ ရေးသားတဲ့ ဆရာကြီးက ဦးတိုက်စိုးပါ။ စာအုပ်တစ်အုပ်လုံး  မှတ်သားစရာအပြည့်မို့ ရေးရင်အများကြီးပါပဲ။ စာအုပ် နောက်ဖုံးမှာတော့ နွားကျောင်းသားကမြန်မာစာပညာရှင်ဖြစ်လာသူ၊ စာပေကျမ်းဂန်သိချင်တာ ကို ကိုယ်တိုင်သုတေသနပြုလုပ်သလို ချဉ်းကပ်လေ့လာသူ၊ သိရှိသမျှဆည်းပူးရသမျှ၊    ကိုယ့်စာပေစာတမ်းပြုစုဖြန့်ဖြူး ဗြိတိသျှထိပ်တန်းအရာရှိကြီး၏ မြန်မာတစ်ယောက်အတွက် သင်ပြပေးသူ ဆရာကောင်းတစ်ဦးလို့ ထိုစာအုပ်ရေးသားသူ ဆရာကြီးဦးတိုက်စိုးက ညွှန်းခဲ့ကြောင်းပါ။

ကျွန်မ  ယခုရေးသားတဲ့ဆောင်းပါးမှာ  အဓိကတင်ပြချင်တာကတော့ လွန်ခဲ့တဲ့ကာလနှစ်များ စွာမှာ စာပေပညာရှင်တွေ၊ စာပေသမားတွေအချင်းချင်းတွေ့ဆုံလို့ စာပေရေးရာတွေ ဆွေးနွေး ဖလှယ်ကြတဲ့ စာဖတ်ဝိုင်းလေးကို တွေ့ရှိရတာကြောင့် သိစေချင်လို့ ရေးသားမျှဝေပေးလိုက် ခြင်းဖြစ်ပါတယ်။

ရှေးကရှိနေခဲ့တဲ့ စာဖတ်ဝိုင်းကို တွေ့ရှိရတဲ့အခါ ကျွန်မတို့ဘိုးဘွား အစဉ်အလာဓလေ့ကောင်း လေးကို  ယခုကျွန်မတို့ကဲ့သို့ စာဖတ်ဝိုင်းများက  အစဉ်အလာလေးထိန်းသိမ်းနေတာ ဖြစ်ကြောင်း ဂုဏ်ယူမိနေတာ သိစေချင်လို့ရေးသားရကြောင်းပါ။ တစ်နည်းအားဖြင့် မြန်မာစာ၊ မြန်မာစကားဆိုတာ မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသင့်တာ သိစေချင်ပါတယ်။ အလေးဂရုပြုစေချင်တယ်။ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းမှာ စာပေနဲ့စကား တိမ်ကောပပျောက်သွားလို့မရပါဘူး။ နယ်ချဲ့လက်အောက်ရောက်ခဲ့တဲ့ ကျွန်မတို့နိုင်ငံ ယခုအချိန်ကာလအထိ မြန်မာစာပေ၊ မြန်မာစကားယဉ်ကျေးမှုများ အဓွန့်ရှည် ယခုတိုင်သိရှိနေတာ ကျွန်မတို့ ဘိုးဘွားတွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလို့ဆိုတာ  ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါကြောင့် ယနေ့ကျွန်မတို့ရဲ့ စာပေစကားဝိုင်းစာဖတ်ဝိုင်းလေးဟာဖြင့် ဘိုးဘွားတို့ရဲ့ လက်ဆင့်ကမ်းအမွေကို ဆက်လက်ခံယူသကဲ့သို့ မြန်မာစာပေလောက ရှင်သန်စေရေး အကြားအမြင်အတွေးအခေါ်ဗဟုသုတတွေ ဖြန့်ဝေပေးတာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။