ပြင်သစ်နိုင်ငံမှ ယူရို ၁၇ ဘီလီယံတန်ဖိုးရှိ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဝယ်ယူခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု

ပြင်သစ်နိုင်ငံမှ ယူရို ၁၇ ဘီလီယံတန်ဖိုးရှိ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဝယ်ယူခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု

အာရပ်စော်ဘွားများ    ပြည်ထောင်စု(UAE)သည်  ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပြင်သစ်နှင့်စစ်လက်နက်ပစ္စည်း ဝယ်ယူရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ အဆိုပါသဘောတူညီချက်မှာ အာရပ်စော်ဘွားများ ပြည်ထောင်စုက   ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ်အစင်း ၈၀ ကိုဝယ်ယူမည့် သဘောတူညီချက် ဖြစ်သည်။ တိုက် လေယာဉ်များ၏ တန်ဖိုးမှာ ယူရိုဘီလီယံပေါင်းများစွာရှိသည်။   နှစ်နိုင်ငံကြားယခုလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းသည် ပြင်သစ်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အကျိုးရလဒ်တစ်ခုဖြစ်သည်ဟု ပြင်သစ် အစိုးရက ထုတ်ပြန်သည်။

အဆိုပါ ကာကွယ်ရေးပစ္စည်း ရောင်းဝယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲအတွက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် သည် ဒီဇင်ဘာ ၃ ရက်က အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင်   ဆော်ဒီအာရေဗျ သို့   ဆက်လက်သွားရောက်ဖွယ်ရှိသည်။

အာရပ်စော်ဘွားများ ပြည်ထောင်စုသည်တိုက်လေယာဉ်များအပြင် Caracal အမျိုးအစား  စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး ရဟတ် ယာဉ် ၁၂ စင်းကိုလည်း ဝယ်ယူရန်သဘောတူထားပြီးဖြစ်သည်။  ယင်းနိုင်ငံသည်   ပြင်သစ်နိုင်ငံမှ   စစ်လက်နက် အများဆုံး ဝယ်ယူနေသည့်  ပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံအဖြစ်   ရပ်တည်နေသည်။ ပြင်သစ်နိုင်ငံမှ ယခုကဲ့သို့ စစ်လက်နက်များ ဝယ်ယူရသည့် အကြောင်းရင်းကိုမူ  အတိအကျထုတ်ပြန်ထားခြင်းမရှိပေ။ ပြင်သစ်နိုင်ငံမှဝယ်ယူသည့် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ တန်ဖိုးမှာ  ယူရို  ၁၇ ဘီလီယံခန့်ရှိသည်ဟု  ပြင်သစ်အစိုးရကထုတ်ပြန်ထားသည်။

အာရပ်စော်ဘွားများပြည်ထောင်စုက ဝယ်ယူလိုက်သည့် စစ်လက်နက်ပစ္စည်းများသည်  ပင်လယ်ကွေ့ဒေသတွင်းတည်ငြိမ်ရေးကို တိုက်ရိုက် အကျိုးပြုနိုင်မည်ဖြစ်သည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလော်ရန့်ပါလေကပြောကြားထားသော်လည်း ပင်လယ်ကွေ့ ဒေသ၌ အချင်းချင်းမယုံကြည်မှုနှင့်  သံသယရှိမှုများ ကြီးထွားလာလျက်ရှိသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

အာရပ်စော်ဘွားများပြည်ထောင်စုသည်၂၀၁၁-၂၀၂၀ ပြည့်နှစ်များအတွင်း  ယူရို ၄ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ  ပြင်သစ် စစ်လက်နက် များကို ဝယ်ယူခဲ့သည်။ Rafale တိုက်လေယာဉ်များသည် အမေရိကန်နှင့်တခြားဥရောပကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုများ ရှိနေသော် လည်း နိုင်ငံတကာဈေးကွက်၌  ရေပန်းစားနေသည့် တိုက်လေယာဉ်အမျိုးအစားတစ်ခုဖြစ်ပြီး လက်ရှိတွင် ကာ တာ၊ အိန္ဒိယ၊ အီဂျစ်၊ ဂရိနှင့် ခရိုအေးရှားနိုင်ငံတို့၌လည်း  အဆိုပါတိုက်လေယာဉ်များကို အသုံးပြုလျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရပါမူ လက်ရှိတွင်ပင်လယ်ကွေ့ဒေသ၌ အချင်းချင်းသံသယဖြစ်မှုများ ကြီးထွားလာနေသောကြောင့် ပြင်သစ်နှင့် အာရပ် စော်ဘွားများပြည်ထောင်စုတို့ကြား ကာကွယ်ရေးဆက်ဆံမှုမှာ ပိုမိုတိုးတက်လာမည့်အလားအလာရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။  

Ref: Sputnik, France24