ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ချက်များအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်  ဒီဇင်ဘာ  ၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး  ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ကုသရေး)နှင့် ကျန်းမာရေး ဝန်ကြီးဌာန ကုသရေး ဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် အထူးကုဆေးရုံကြီး ခုတင်-၅ဝဝ သို့ရောက်ရှိပြီး   ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းအောင်ကြည်နှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ထို့နောက် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးသို့ရောက်ရှိပြီး ကိုဗစ်-၁၉ရောဂါပြင်းထန်လူနာများ ကုသရန် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အထူးကြပ်မတ်ကုသဆောင်၊ လူနာဆောင်များ၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာနများသို့သွားရောက်ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းလွင်နှင့် ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် ယခုနှစ်တွင် ဘွဲ့လွန်ကျောင်းသား ၃ဝဝကျော်ရှိပြီး လာမည့်နှစ်တွင် တက်ရောက်သူ ဦးရေတိုးတက်အောင် စည်းရုံးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့ အိတ်ကပ်ထဲမှ စိုက်ထုတ်သုံးစွဲရသည့် ကျန်းမာရေး ကုန်ကျစရိတ် နည်းအောင် ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားသည်မှာ နယ်စပ်များတွင် အသက် ၁၈ နှစ် အထက်ရှိသူအားလုံးအား  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ Tourist Attraction Site စီးပွားရေးစက်မှုဇုန်များကိုလည်း အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ Treatment  Centre ၊ Quarantine Center  များကိုလည်း အဆင်သင့်ဖြစ်အောင် ပြန်လည်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ Liquid Oxygen နှင့်40 Liter Oxygen လိုအပ်ချက်များကိုလည်း သေချာစွာ တွက်ချက်ထားရန်လည်း အရေးကြီးကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေး အတွက်    လိုအပ်သည့် ဆေးဝါးများကို လုံလောက်မှုရှိစေရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယခုအချိန်အထိတွေ့ရှိချက်များအရ Omicron Variantသည် ပြန့်ပွားမှုမြန်သော်လည်း ရောဂါလက္ခဏာ အလွန်ပြင်းထန်မှု မရှိကြောင်းနှင့် မိမိတို့နိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုး လွှမ်းခြုံမှု အသင့်အတင့်မြင့်သည့်အတွက် ပေါ့ဆ၍မရသလို အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ ဘဝတက်လမ်း တိုးတက်ရေးနှင့်    သက်သာချောင်ချိရေးအတွက် ဝန်ကြီးဌာန အနေဖြင့် အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။