ယူကရိန်းအရေး တင်းမာနေစဉ် ဂျိုးဘိုင်ဒင်နှင့် ဗလာဒီမာပူတင်တို့ ဆွေးနွေးပွဲ ကျင်းပမည်

ယူကရိန်းအရေး တင်းမာနေစဉ် ဂျိုးဘိုင်ဒင်နှင့် ဗလာဒီမာပူတင်တို့ ဆွေးနွေးပွဲ ကျင်းပမည်

ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာနေစဉ် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဒီဇင်ဘာ ၇ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ရုရှားအစိုးရက ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

ဆွေးနွေးပွဲကျင်းပမည့်အချိန်မှာ ရုရှားစံတော်ချိန်အရ  မွန်းလွဲပိုင်းတွင်ဖြစ်ပြီး ကြာမြင့်ချိန်ကိုမူ နှစ်နိုင်ငံခေါင်းဆောင်များက ဆုံးဖြတ်သွားမည်ဟု   ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ ကျူးကျော်ဝင်ရောက်မှု မရှိစေရေး အမေရိကန်ဘက်က အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၃ ရက်တွင် ပြောထားသည်။

ထို့ပြင်  ရုရှားနိုင်ငံသည် ယူကရိန်းနယ်စပ်များ အနီးတွင်   စစ်သည်များကို တိုးမြှင့်ချထားလျက်ရှိကာ ယူကရိန်းနိုင်ငံကို ကျူးကျော်သိမ်းပိုက်ရေး စီစဉ်နေသည်ဟု အမေရိကန်နှင့် ယူကရိန်းအစိုးရတို့က စွပ်စွဲထားသည်။

သို့သော် ရုရှားအစိုးရက ၎င်းတို့အနေဖြင့် ရန်လိုသော   မည်သည့် ရည်ရွယ်ချက်မျှ မရှိကြောင်းနှင့် အနောက်နိုင်ငံများကသာ ရန်စနေခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်မှုများကို လာရောက်ပြုလုပ်နေကြောင်း တုံ့ပြန်ပြောဆိုထားသည်။

အလားတူ NATO တပ်ဖွဲ့၏ အရှေ့ဘက်သို့ နယ်ပယ်ချဲ့ထွင်မှုကို ရပ်တန့်ရန် ရုရှားအစိုးရက လိုလားသည့်အတွက် ထိုတပ်ဖွဲ့အနေဖြင့်    ရုရှားနယ်စပ်များ အနီးသို့မချဉ်းကပ်လာစေရေး လုံခြုံရေး အာမခံချက်များပေးရန်    ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို တောင်းဆိုထားသည်။

ဂျိုးဘိုင်ဒင်နှင့် ပူတင်တို့အနေဖြင့် ဂျီနီဗာမြို့၌ ဇွန်လတွင် ကျင်းပသော ညီလာခံတွင်ပထမဆုံးတွေ့ဆုံပြီးနောက် အပြန်အလှန် ဆက်သွယ်မှုများစွာ   ရှိခဲ့သော်လည်း ထိုအင်အားကြီး နှစ်နိုင်ငံကြား  တင်းမာမှုများမှာ  ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။