အင်ဒိုနီးရှားရှိ ဆီမာရူမီးတောင်ပေါက်ကွဲမှု လူ ၁၄ ဦး သေဆုံးပြီး ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးနေ

အင်ဒိုနီးရှားရှိ ဆီမာရူမီးတောင်ပေါက်ကွဲမှု လူ ၁၄ ဦး သေဆုံးပြီး ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးနေ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ဆီမာရူမီးတောင် ပေါက်ကွဲမှုကြောင့်   လူ ၁၄ ဦးသေဆုံးပြီး အပျက်အစီးများ တငွေ့ငွေ့လောင်ကျွမ်းမှုနှင့် ရွှံ့များထူထပ်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးနေရကြောင်း   ကယ်ဆယ်ရေး သမားများက ဒီဇင်ဘာ ၅ ရက်တွင် ပြောသည်။

အရှေ့ဂျာဗားပြည်နယ် လူမာကျန်းခရိုင်ရှိ ဆီမာရူမီးတောင်သည် ဒီဇင်ဘာ ၄ ရက်တွင်ဖြစ်ပွားသော မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားရာ ကောင်းကင်သို့    ပြာများ မှုတ်ထုတ်ပြီး မီးတောင်မှ  ပူလောင်သော ဓာတ်ငွေ့များနှင့် ချော်ရည်များမှာ မီးတောင်ဆင်ခြေလျှော တစ်လျှောက် စီးဆင်းလာသည်။

မီးတောင်အနီးရှိ ကျေးရွာများနှင့် မြို့များမှာ မီးတောင်ပြာများ ဖုံးလွှမ်းခြင်းကို ခံရသည့်အပြင် ရွာအချို့မှာ  မီးတောင်မှ ထွက်လာသည့် အပျက်အစီး များကြောင့်ဖြစ်သော   ရွှံ့ညွန်များအောက်သို့ ရောက်ရှိသွားသည်။

မီးတောင်မှ အပျက်အစီးများနှင့် ချော်ရည်များသည်   ရွာသွန်းလာသော မိုးရေနှင့် ပေါင်းကာ  ရွှံ့ညွန်များအဖြစ်သို့ ရောက်ရှိသွားပြီး လူမာကျန်းခရိုင်နှင့် မာလန်းခရိုင်တို့ကိုချိတ်ဆက်ထားသော တံတားကို ရိုက်ချိုးလိုက်ကြောင်း လူမာကျန်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။

မီးတောင်မှထွက်ရှိသော ဓာတ်ငွေ့များနှင့် ချော်ရည်များသည် မီတာ ၈ဝဝ အကွာရှိမြစ်အတွင်းသို့ စီးဆင်းသွားကြောင်းနှင့် ဒေသခံများအနေဖြင့် မီးတောင်ဝမှ ၅ ကီလိုမီတာအကွာတွင် နေထိုင်ရန် တာဝန်ရှိသူများက အကြံပြုထားကြောင်း သိရသည်။