ရုရှားသမ္မတ ဗလာဒီမာပူတင် အိန္ဒိယနိုင်ငံသို့ရောက်ရှိ၊ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီနှင့် တွေ့ဆုံဆွေးနွေး

ရုရှားသမ္မတ ဗလာဒီမာပူတင် အိန္ဒိယနိုင်ငံသို့ရောက်ရှိ၊ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီနှင့် တွေ့ဆုံဆွေးနွေး

  ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒီဇင်ဘာ ၆ ရက်တွင် အိန္ဒိယနိုင်ငံသို့ရောက်ရှိလာပြီး အိန္ဒိယဝန်ကြီးချုပ်နာရန် ဒရာမိုဒီနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် အာဖဂန်နစ္စတန် နိုင်ငံအတွင်း ဖြစ်ပွားနေသော မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊   အကြမ်းဖက်မှုတို့နှင့် ပတ်သက်၍ ဦးစားပေး ဆွေးနွေးခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ ဆုတ်ခွာမည်ဟု ကြေညာသော ယခုနှစ်နွေရာသီမှ စ၍ ယခုအချိန်အထိ ယင်းနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့်  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံကြား စစ်ဘက်ရေးရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက်လည်း နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးသည်။

ဗလာဒီမာပူတင်အနေဖြင့် အိန္ဒိယနိုင်ငံသို့ မရောက်မီ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် နှစ်နိုင်ငံတာဝန်ရှိသူများက ၎င်းတို့ကြားရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုကို ၂ဝ၃ဝ ပြည့်နှစ်အထိ ဆက်လက် လုပ်ဆောင်သွားမည့်  သဘောတူညီချက် တစ်ခုကိုလည်း လက်မှတ်ထိုးထားပြီးဖြစ်သည်။

ယခုရုရှားသမ္မတ၏ ပြည်ပခရီးစဉ်သည် ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် ဒုတိယမြောက် ခရီးစဉ်ဖြစ်ကာ ပထမခရီးစဉ်မှာ ဇွန်လတွင် ဂျီနီဗာမြို့၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ဆုံခြင်းဖြစ်သည်။

ဗလာဒီမာပူတင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း အရေးပါသော စွမ်းအင်ကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍတို့၌ သဘောတူလက်မှတ် များစွာထိုးသွားဖွယ်ရှိသည်။

အမေရိကန်နှင့် မိတ်ဖက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထုတ်  S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံဖိုး ဝယ်ယူထားပြီး ထိုလက်နက်စနစ်များကို စတင်လက်ခံ ရရှိနေပြီဖြစ်ကြောင်း သိရသည်။