ဗြိတိန်အားကစား ဂျာနယ်လစ်အဖွဲ့ချုပ်က ပေးအပ်သည့် ၂ဝ၂၁ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးဆုများကို အဒမ်ပီတီနှင့် ရာဒူကာနူတို့ ဆွတ်ခူးရရှိ

ဗြိတိန်အားကစား ဂျာနယ်လစ်အဖွဲ့ချုပ်က ပေးအပ်သည့် ၂ဝ၂၁ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးဆုများကို အဒမ်ပီတီနှင့် ရာဒူကာနူတို့ ဆွတ်ခူးရရှိ

ဗြိတိန်အားကစား ဂျာနယ်လစ်အဖွဲ့ချုပ်(SJA)က ပေးအပ်သည့်  ဗြိတိန်အားကစား လောကတွင် သက်တမ်းအရင့်ဆုံး ဆုဖြစ်သော ဗြိတိန်တစ်နှစ်တာ အကောင်းဆုံးဆုများကို အဒမ်ပီတီနှင့် ရာဒူကာနူတို့က ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ဗြိတိန်အားကစား ဂျာနယ်လစ် အဖွဲ့ချုပ်က တစ်နှစ်တာ   အကောင်းဆုံး အမျိုးသား ကစားသမားဆုနှင့် အမျိုးသမီး ကစားသမားဆုတို့ကို ၁၉၄၉ ခုနှစ်မှစ၍ နှစ်စဉ်   ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး   ယင်းဆုမှာ ဗြိတိန်အားကစားလောက၌  ပေးအပ်ချီးမြှင့်သည့်ဆုများအနက် သက်တမ်းအရင့်ဆုံး ဆုများတွင် တစ်ခု အပါအဝင်ဖြစ်သည်။

ဗြိတိန်အားကစားဂျာနယ်လစ် အဖွဲ့ချုပ်က ၂ဝ၂၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ် ချီးမြှင့်သည့် ဗြိတိန်တစ်နှစ်တာ အကောင်းဆုံးအမျိုးသား ကစားသမားဆုကို ဗြိတိန်ရေကူးသမား အဒမ်ပီတီနှင့် ဗြိတိန်တစ်နှစ် တာအကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ဗြိတိန် ဆယ်ကျော်သက်တင်းနစ်မယ် ရာဒူကာနူတို့က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် အဒမ်ပီတီသည် ယခုနှစ်အတွင်း အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် တိုကျိုအိုလံပစ်ပြိုင်ပွဲ ရေကူးပြိုင်ပွဲတွင် မီတာ ၁ဝဝ ရင်ပေါင်တန်းကူးပြိုင်ပွဲ၊ ၄x၁ဝဝဝ မီတာ အမျိုးသား၊ အမျိုးသမီးအလွတ်ကူးပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး ၄x၁ဝဝဝ မီတာ အလွတ်ကူးပြိုင်ပွဲ၌လည်း   ငွေတံဆိပ်ဆု ရရှိခဲ့သည့်အပြင် ကမ္ဘာ့စံချိန်ပါ တင်နိုင်ခဲ့သည်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ဆယ်ကျော်သက်တင်းနစ်မယ်  ရာဒူကာနူသည်လည်း  ယခုနှစ်အတွင်း အောင်မြင်မှုများရရှိခဲ့ကာ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရည်စစ်အဆင့်မှ စတင်ယှဉ်ပြိုင် ကစားခဲ့ရသော်လည်း    ကမ္ဘာ့ထိပ်တန်း ကစားသမားများကို အဆင့်ဆင့်ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ပထမအကြိမ်အဖြစ် ယူအက်စ်အိုးပင်းဂရင်းဆလင်း ချန်ပီယံဆုဖလားကို    ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရာဒူကာနူသည် ဂရင်းဆလင်း အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဂရင်းဆလင်းပြိုင်ပွဲ သမိုင်းတစ်လျှောက် လက်ရည်စစ်အဆင့်မှ စတင်ကစားပြီး  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်  ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သကဲ့သို့ ၁၉၇၇ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄၄ နှစ်အကြာတွင် ဂရင်းဆလင်းအဆင့် တင်းနစ်ပြိုင်ပွဲ၌ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး တင်းနစ်မယ်အဖြစ်ပါ စံချိန်တင်နိုင်ခဲ့သည်။

ဗြိတိန်အားကစားဂျာနယ်လစ် အဖွဲ့ချုပ်က ဗြိတိန်တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုပေးပွဲတွင် စုစုပေါင်း ဆု ၁၃ ဆုပေးအပ်ခဲ့ပြီး ရာဒူကာနူက ဗြိတိန်တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးဆုအပြင် နိုင်ငံတကာ အကောင်းဆုံးမျက်နှာသစ် ကစားသမားဆုကိုပါ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။