နားကလော်၊ နားအာရုံကြောရောင်လို့ နားလေးသွားနိုင်

နားကလော်၊ နားအာရုံကြောရောင်လို့ နားလေးသွားနိုင်

နားကလော်တာ၊ နားဆေးထည့်တာတွေကြောင့် နားအာရုံကြောရောင်ကာ နားလေးသွားနိုင်ပါတယ်။ နားအာရုံကြောရောင်တာက အဖြစ်များတဲ့ရောဂါထဲတော့မပါဝင်ဘူး။ ရံဖန်ရံခါတွေ့ရလေ့ရှိပါတယ်။ နားအာရုံကြောရောင်တာက အရေးကြီးပါတယ်။

နားအာရုံကြောရောင်တာ သေချာစနစ်တကျကုသရင် လုံးဝပျောက်ကင်းတဲ့ မျှော်လင့်ချက်အများကြီးရှိပါတယ်။ ကုသတာ နောက်ကျပြီး စနစ်တကျမကုသရင် အကြားအာရုံပျက်စီးသွားနိုင်တယ်။ နားအာရုံကြောဟာ နားရဲ့အတွင်းပိုင်းမှာရှိတယ်။ အာရုံခံတဲ့ ဆဲလ်တွေနဲ့ဆက်စပ်နေတယ်။ အာရုံခံဆဲလ်တွေကတစ်ဆင့်   ဦးနှောက်အမြှေးပါးကိုသွားတယ်။ ရောင်ရင်အာရုံခံဆဲလ်လေးတွေ ရောင်တာရှိတယ်။အာရုံကြောရောင်တာလည်းရှိတယ်။

နားအာရုံကြောရောင်တာ နားလေးသွားနိုင်တယ်။ နားအာရုံကြောမှာအပိုင်းနှစ်ပိုင်းပါဝင်တယ်။ နှစ်ပိုင်းစလုံးလည်းရောင်တယ်။   အာရုံခံတဲ့ ဆဲလ်တွေပါရောင်တယ်ဆိုရင် နားရုတ်တရက် လေးသွားတတ်တယ်။ နားအူတတ်တယ်။ ချာချာလည် ခေါင်းမူး တတ်တယ်။သုံးခုတွဲဖြစ်တတ်တယ်။ အာရုံကြောရောင်တာ ဘယ်လောက်ဆိုးလဲ၊ ဘယ်အပိုင်းတွေပါသလဲဆိုတာမူတည်ပြီး အဆိုပါ သုံးမျိုးက တွဲနေတတ်တယ်။ မူးတဲ့အကြော၊ နားထဲဟန်ချက်ထိန်းတဲ့ အကြောတစ်ခုတည်းပဲဖြစ်ရင်တော့ မူးတာပဲဖြစ်တယ်။ အကြား အာရုံမထိခိုက်ဘူး။ တစ်ခါတစ်လေ နှစ်ခုစလုံးဖြစ်ရင်တော့  မူးလည်းမူးတယ်။ နားလည်းလေးသွားတတ်တယ်။ အရေးကြီးတာက အဲဒီနားလေးတာကို အချိန်မီ ကုလိုက်ရင်နားပြန်ကြားဖို့ မျှော်လင့်ချက်အများကြီးရှိတယ်။ မကုသရင် နားလုံးဝလေးတာ၊ တစ်သက်လုံး နားလေးသွားတတ်တယ်။

နားလေးတဲ့အဓိကအကြောင်းရင်းက ဗိုင်းရပ်ပိုး တွေကြောင့် ဖြစ်နိုင်တယ်။ ဗိုင်းရပ်ပိုးဝင်တယ်ဆိုတာကိုအချို့ကြောက်ကြတယ်။ လူနာက ဗိုင်းရပ်ပိုးဝင်တာကို မသိလိုက်ကြဘူး။ အဖြစ်အများဆုံးက တစ်ခါတလေချောင်းဆိုးတာ၊ နှာစေးတာနဲ့တွဲပြီး  ရုတ်တရက် နားလေးသွားတတ်တယ်။ အချို့ဝမ်းနည်းနည်းပျက်တယ်။ အချို့ဝမ်းလျှောပြီးမှ နားလေးသွားတတ်တယ်။ သီချင်းနားထောင်လို့ လေးသွားတာမျိုးမဟုတ်ဘဲ ဗိုင်းရပ်ပိုးဝင်လို့ လေးသွားတာမျိုးဖြစ်တယ်။

နောက်ဖြစ်တတ်တဲ့ အကြောင်းရင်းက နဂိုခုခံမှုရောဂါ (Autoimmune Disease) ရောဂါဖြစ်တယ်။ရှားပါးတယ်။ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေက ကိုယ့်ရဲ့နားကို ပြန်ပြီးတိုက်ခိုက်လိုက်တဲ့အတွက် ရုတ်တရက်နားလေးသွားတတ်ပါတယ်။ နောက် ရုတ်တရက် နားလေးသွားရတဲ့ အကြောင်းရင်းက သွေးတိုးကြောင့်ဖြစ်တယ်။ နားထဲမှာရှိတဲ့ အတွင်းသားကိုလာတဲ့ သွေးကြောက ရုတ်တရက်ပိတ်သွားတယ်။ ပိတ်သွားတော့အတွင်းထဲသွေးမရတော့ပဲ အာရုံဆဲလ်တွေ ပျက်စီးကာ ရုတ်တရက် နားလေးသွား တတ်ပါတယ်။

ရုတ်တရက်နားလေးပြီဆိုရင် ထိရောက်တဲ့ကုသမှုနဲ့ သုံးရက် ၇၂ နာရီအတွင်း ကုသရင် နားမကြားတဲ့ရောဂါအားလုံး ချက်ချင်း ပျောက်ကင်းတယ်ဆိုတာ အများစုက မသိကြဘူး။ ဒါ့ကြောင့်အရေးကြီးတဲ့ အချိန်တွေကျော်လွန်သွားလို့၊ ကုသလို့မမီတော့တာ တွေ့ရပါတယ်။ ဗိုင်းရပ်ပိုးကအချိန်မရွေးဝင်နိုင်တယ်။  ရုတ်တရက် နားလေးသွားမယ်။  ချာချာလည်မူးလို့  နားလေးတာ နဲ့တွဲဖြစ်လာ မယ်ဆိုရင် ချက်ချင်းကုသဖို့ တိုက်တွန်းပါတယ်။ ကံဆိုးသူတွေက နားနှစ်ဖက်လုံး နားလေးသွားတယ်။ ဆေးမှန်မှန်ကုသဖို့လိုတယ်။ နားအာရုံကြောရောင်စေတဲ့ ဗိုင်းရပ်တွေအများကြီးရှိတယ်။ ကာကွယ်ဆေးမထိုးခင်ကဝက်သက်၊ ဂျိုက်သိုးဗိုင်းရပ်မှာ ကလေး ၁၀ ယောက်ဖြစ်ရင် တစ်ယောက်နားကန်းသွားတတ်တယ်။ ဝက်သက်ပိုးကနားကို ထိခိုက်နိုင်တယ်။  နားအာရုံကြောတွေဖျက်ဆီးပစ်တဲ့ နေရာမှာ ဗိုင်းရပ်က ထိပ်ဆုံးဖြစ်တယ်။ ဝက်သက်ဗိုင်းရပ်လောက် မဆိုးဘူး။ ကုသရင်ပျောက်ပါတယ်။ ဗိုင်းရပ်ဝင်ရောက်ရင် နားအူတာ၊ နားလေးတာနဲ့တွဲပြီး နှာစေးတတ်တယ်။ ဝမ်းလျှောတတ်ပါတယ်။

နားအတွင်းအာရုံခံဆဲလ်တွေ၊ အာရုံကြောတွေကရောင်နေလို့၊ ရောင်ရမ်းမှုထိန်းဆေး၊ အာရုံကြောဆေးတွေပေးနေသင့်ပါတယ်။   လိုအပ်တဲ့ ဆေးတွေပေးပြီဆိုရင် အရောင်ကျသွားတယ်။ အာရုံခံဆဲလ်တွေ မပျက်စီးတော့ဘူး။ သုံးရက်အတွင်းမှာမှ မလုပ်ပေး ဘူးဆိုရင်အာရုံခံဆဲလ်တွေက   အကုန်ပျက်စီးသွားတတ်ပါတယ်။   ကံကောင်းလို့ အကြားအာရုံဆဲလ် တစ်ဝက်လောက်ပဲ ပျက်စီးပြီး၊ အကြားအာရုံ နည်းနည်းကျန်နိုင်ပေမယ့် အာရုံဆဲလ် အတော်များများ  ပျက်စီးသွားမယ်ဆိုရင် ပြန်မရနိုင်တော့ပါဘူး။

ရောင်နေတဲ့အချိန်မှာ စဖြစ်တဲ့ရက်ကနေ သုံးရက်အတွင်းကုသနိုင်ဖို့လိုတယ်။ ကြာကြာကုသစရာမလိုဘူး။ တစ်ပတ်၊ နှစ်ပတ် လောက်ကုသတာနဲ့ တစ်လအတွင်း သိသိသာသာ ပြန်ကောင်းလာနိုင်တယ်။ မူးတာနဲ့တွဲပြီးဖြစ်တတ်တဲ့ လူနာတွေမှာ နားလေး တာက သိပ်မသိသာဘူး။ နားလည်းလေးတယ်။  မူးတာနဲ့တွဲဖြစ်ပြီးအများစုက တွေးမိတတ်တာ ကလေဖြတ်ပြီလား ထင်တတ်ကြ ပါတယ်။ လေဖြတ်ရင်လည်း မူးတတ်တယ်။ နားအူတာနဲ့နားလေးတာတွဲဖြစ်တတ်ပါတယ်။ သိသိသာသာတွဲဖြစ်တတ်လို့  ထိရောက် တဲ့ ကုသမှုယူသင့်ပါတယ်။

သွေးတိုးစေတဲ့ အစားအစာများရှောင်သင့်ပါတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်မှာ မိုနိုဆိုဒီယမ်ဂလူကိုနိတ်ပါဝင်ကာသွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ ဖြစ်စေပါတယ်။ လမ်းဘေးအစာများ၊ အသင့်အမြန်စားအစာပါပီဇာ၊ ဆင်းဒဝှစ်၊ ဟမ်ဘာဂါ၊ အာလူးချောင်း ကြော်တွေမှာ ပြည့်ဝဆီနဲ့ စီမံကာအချိုမှုန့် အသုံးကြမ်းတတ်လို့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အဝလွန်ရောဂါ၊ အသည်း အဆီဖုံးခြင်းဖြစ်စေတယ်။ သွေးခဲထဲက အဖတ်တစ်ဖတ်က သွေးကြောထဲပြုတ်ထွက်လို့ နှလုံးရုတ်တရက် အတိုက်ခိုက်ခံရခြင်း ရောဂါ၊ ဦးနှောက်သွေးကြောထဲပြုတ်ထွက်လို့  ရုတ်တရက် ဦးနှောက်တိုက်ခိုက်ခြင်းရောဂါ၊  လေဖြတ်ရောဂါရစေပါတယ်။ အပြင် အစားအစာမစားဘဲ အိမ်မှာစနစ်တကျစီမံချက်ပြုတ်ထားတဲ့ အစားအစာမျိုးစားပေးသင့်ပါတယ်။ ငါးပိ၊ငါးခြောက်၊  အဆီအအိမ့် ကြိုက်တတ်တာတွေလည်း ရှောင်သင့်ပါတယ်။

နောက်တစ်ခုက အိပ်ရေးပျက်ခြင်းကြောင့် နားလေးသွားတတ်တယ်။ အိပ်မပျော်ကာ အိပ်ရေးမဝတာ လူတိုင်းခံစားဖူးပါတယ်။ ဖေ့ဘွတ် စာမျက်နှာဖတ်နေတာ၊ အိပ်ရာဝင်မှဇာတ်လမ်းကြည့်တာ ဂိမ်းတွေကအိပ်ရေးပျက်စေတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချက်တင်လုပ်နေတာ၊ ညဘက်အိပ်ချိန်လွန်တဲ့ထိ ဖုန်းပြောနေတာတွေက အိပ်ပျက်စေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်တယ်။     ညဘက် လက်ဖက်ရည် ကော်ဖီမသောက်သင့်ဘူး။ နွားနို့နွေးနွေး(သို့)ရေကျက်အေးနွေးနွေးသောက်ကာအိပ်ရာဝင်သင့်ပါတယ်။ ညစာကို လျှော့စားခြင်းက အိပ်စက်မှုလွယ်ကူစေပါတယ်။

အိပ်ရေးပျက်တာများရင် အကြားအာရုံ၊ အမြင်အာရုံတွေးတောဆင်ခြင်ဉာဏ်အားလုံး လေးလံထိုင်းမှိုင်းကာ နားလေးသွားနိုင်ပါတယ်။ အဝလွန်ခြင်းကလည်းနားလေးစေပါတယ်။ နားလေးတတ်သူတစ်ဝက်လောက်ဟာအဝလွန်နေတယ်။ လူတိုင်းပုံမှန်ဘီအမ်အိုင် (BMI) (18.9-24.9) အတွင်းရှိသင့်ပါတယ်။ ဘီအမ်အိုင်ဆိုတာအလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့်မီတာ (နှစ်ထပ်ကိန်း)နဲ့ စားလို့ရ တဲ့ ရလဒ်ဖြစ်လို့  ကိုယ်အလေးချိန်ကိုထိန်းထားသင့်ပါတယ်။ လူတို့ရဲ့နေထိုင်မှု ပုံစံစနစ်ပြောင်းလဲကာ အထိုင်အလုပ်များ လာပြီး၊ လှုပ်ရှားမှုနည်းလာတယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီကြာ လေ့ကျင့်ခန်းအပြေး၊ ရွရွပြေး၊  စက်ဘီးစီး၊  ရေကူးပြုလုပ် ပေးသင့်ပါတယ်။

ပိုလျှံနေတဲ့ ကယ်လိုရီကို “ချွေး” အဖြစ် စွန့်ပစ်လို့အဆီ မဖြစ်နိုင်တော့လို့ အဝလွန်ခြင်း၊ နားရုတ်တရက်လေး ခြင်းတို့မှကင်း ဝေးစေပါတယ်။  အချို့အဝလွန်သူများ ညစာထမင်း ၁၂ ဇွန်း၊ အသုပ်တစ်ပွဲ၊ စွပ်ပြုတ်တစ်ခွက်နဲ့  ညစာစားပြီးသွားရင် အဝလွန်ခြင်းက   ကျဆင်းလာနိုင်တယ်။  ဆရာဝန်ညွှန်ကြားတဲ့  အဆီချဆေး(Atovastin 20mg)တစ်ညတစ်လုံး သောက်ပေးသင့်ပါတယ်။   အရေးပေါ် ဝိတ်ကျချင်ရင်  အာလူးပြုတ်တစ်လုံးနဲ့ ဒိန်ချဉ်တစ်ခွက်ဆိုရင် ညစာလုံလောက်တယ်။  နားကြားမကလော်သင့်ပါဘူး။ နားကြား ကလော်တံဟာ ဗိုင်းရပ်ပိုးဝင်နေရင်ကိုယ့်ရဲ့ နားထဲဗိုင်းရပ်ဝင်ကာ နားလေးနိုင်ပါတယ်။     ။

 ဒေါက်တာလွင်သန့်