နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နေသော အမိစစ်တက္ကသိုလ်ကမွေးဖွားပေးသော တပ်မတော်သား အရာရှိများ၏ စကားသံများ

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နေသော အမိစစ်တက္ကသိုလ်ကမွေးဖွားပေးသော တပ်မတော်သား အရာရှိများ၏ စကားသံများ

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူပေါ်ပေါက်လာခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလအဆက်ဆက်တွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နေကြသော အမိစစ်တက္ကသိုလ်က မွေးဖွားပေးခဲ့တဲ့ တပ်မတော် သား အရာရှိများကလည်း အုတ်ချပ်သဲပွင့်များအဖြစ် ပေးအပ်တဲ့တာဝန်များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိကြပါတယ်။ အမိစစ်တက္ကသိုလ်ကြီးကလည်း စတင်သန္ဓေတည်ချိန်ကစပြီး လက်ရုံးရည်၊ နှလုံးရည်၊ ကာယအား၊ ဉာဏအားတို့ ကြံ့ခိုင်ကောင်းမွန် သည့်နိုင်ငံ့သားကောင်းရတနာ ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးလျက်ရှိခဲ့တာဟာ အခုဆိုရင် အမှတ်စဉ်(၆၃)ထိ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံနှင့်ပြည်သူအတွက် အားကိုးအားထားပြုကြရတဲ့ နောင်တစ်ခေတ်၏အောင်စစ်သည် သားကောင်းရတနာများ ပေါ်ထွက်လာအောင် လေ့ကျင့်သင်ကြားခဲ့မှုတွေနဲ့ လေ့ကျင့်သင်ကြားခဲ့သည့် (ဗိုလ်လောင်းများ) ကျောင်းဆင်းအရာရှိများ၏ စကားသံကို အောက်ပါအတိုင်းဖော်ပြလိုက်ရပါတယ်။

ဗိုလ်မှူးကြီးသိန်းလွင်

(စာပေညွှန်ကြားရေးမှူး)

စစ်တက္ကသိုလ်ရဲ့ရည်ရွယ်ချက်ကတော့ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက်လိုအပ်သော လက်ရုံးရည်နှင့် နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများမွေးထုတ် ပေးရန်ဖြစ်ပါတယ်။ စစ်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်အတိုင်း လက်ရုံးရည်နဲ့ပြည့်ဝတဲ့   အရာရှိကောင်း တွေဖြစ်စေဖို့အတွက် စာပေဌာနက တက္ကသိုလ်ပညာရပ်တွေကို သင်ကြားပေးလျက်ရှိပါတယ်။ ဘာသာရပ်တွေအနေနဲ့ကတော့ အထူးပြုဘာသာရပ် ၁၈ ခုကို သင်ကြားပေးနေပြီး ဝိဇ္ဇာဘာသာရပ် ၈ ခု၊  သိပ္ပံဘာသာရပ် ၈ ခုနဲ့  ကွန်ပျူတာဘာသာရပ် ၂ ခုတို့ကို    အရပ်ဘက်တက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း  သင်ကြားပေးနေပါတယ်။ ခုနကပြောခဲ့တဲ့ အထူးပြု ဘာသာရပ်တွေ အပြင် စစ်သမိုင်းဘာသာရပ်၊ စိတ်ပညာဘာသာရပ်နဲ့   နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်တွေကိုလည်း ဖြည့်စွက်ဘာသာရပ်အဖြစ် ဘာသာရပ်အားလုံးကို ထပ်ဆောင်းသင်ကြားပေးလျက်ရှိပါတယ်။

ဝိဇ္ဇာအထူးပြုတွေက သိပ္ပံနဲ့ကွန်ပျူတာ ဘာသာရပ်တွေ၊ သိပ္ပံအထူးပြုတွေက ဝိဇ္ဇာနဲ့ ကွန်ပျူတာဘာသာရပ်တွေ၊ ကွန်ပျူတာ အထူးပြုတွေက ဝိဇ္ဇာနဲ့သိပ္ပံဘာသာရပ်တွေကို အထောက်အကူပြု   ဘာသာရပ်အဖြစ် သင်ကြားပေးလျက်ရှိပါတယ်။ မဟာဘွဲ့ရ၊ ပါရဂူဘွဲ့ရတပ်မတော်အရာရှိတွေနဲ့ ပညာရေးဝန်ကြီးဌာနက တွဲဖက်ပေးထားတဲ့ အရပ်ဘက် ဆရာ၊ ဆရာမတွေက ဗိုလ်လောင်း တွေကို  တက္ကသိုလ်ပညာရပ်တွေ သင်ကြားပေးနေပါတယ်။ သီအိုရီပိုင်းဆိုင်ရာတွေကိုသင်ကြားပေးနေပြီး လက်တွေ့နယ်ပယ်မှာ အသုံးပြုနိုင်ဖို့ ဆက်စပ်ပြီး သင်ကြားပေးနေပါတယ်။ ဗိုလ်လောင်းတွေရဲ့ သင်ယူနိုင်မှုနဲ့ အရည်အချင်းတွေပေါ် မူတည်ပြီး   မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေကို ဆက်လက်ဆည်းပူး သင်ယူနိုင်တဲ့အထိ လေ့ကျင့်သင်ကြားပေးနေပါတယ်။ စစ်တက္ကသိုလ်၊ အမှတ်စဉ် (၆၃)ဗိုလ်လောင်းသင်တန်းကနေ ဝိဇ္ဇာဘွဲ့ရရှိသူ ၆၀ ဦး၊ ဝါဏိဇ္ဇဘွဲ့ရရှိသူ ၁၀ ဦး၊ စီးပွားရေးပညာဘွဲ့ရရှိသူ၂၀ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၂၇၆ ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူ ၁၁၄ ဦးနဲ့  ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ ၁၀၈ ဦး၊ စုစုပေါင်း ၅၈၈ဦးကို သက်ဆိုင်ရာဘွဲ့တွေ ချီးမြှင့်ပေး နိုင်ခဲ့ပါတယ်။  

ထူးချွန်ဆု အမျိုးအစားတွေကတော့ အောင်စစ်သည်ဆု၊ လေ့ကျင့်ရေးထူးချွန်ဆု၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)၊ စာပေ ထူးချွန်ဆု (ကွန်ပျူတာ)တွေပဲဖြစ်ပါတယ်။ ဆုရွေးချယ်ရာမှာတော့ ၄ နှစ်တာပညာ သင်ကာလအတွင်း ဗိုလ်လောင်းတွေရဲ့ စာတွေ့လက်တွေ့ စာမေးပွဲတွေ၊ ဆန်းစစ်ဖြေဆိုမှုတွေနဲ့ အတန်းတွင်း လုပ်ဆောင်ချက်တွေအပါအဝင် သက်ဆိုင်ရာဘာသာရပ်မှာအမှန်တကယ်    ထူးချွန်ထက်မြက်သူ ဗိုလ်လောင်းတွေကို အဓိကထားရွေးချယ်တာပဲဖြစ်ပါတယ်။

ထူးချွန်ဆုပေးမယ့်ဗိုလ်လောင်းတွေဟာ ၄ နှစ်တာကာလအတွင်း စာမေးပွဲကျရှုံးခြင်းမရှိတဲ့သူ၊  စည်းကမ်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သူတွေကိုသာ ရွေးချယ်ပေးတာပဲဖြစ်ပါတယ်။ ဒီနေ့ဟာနိုင်ငံတော်နဲ့ တပ်မတော်အတွက် အားသစ်လောင်း နိုင်တဲ့နေ့ တစ်နေ့ဖြစ်လို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ သင်တန်းကာလ ၄ နှစ်ကို စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စွာ ဖြတ်သန်းသင်ကြားခဲ့ကြပြီး တပ်မတော်ရဲ့ ခေါင်းဆောင်ငယ်များအဖြစ် ကျောင်းဆင်း တာဝန်ထမ်းဆောင်တော့မယ့် တပည့်သား ညီမောင်တွေအတွက် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ စစ်တက္ကသိုလ်ရဲ့ဆောင်ပုဒ်အတိုင်း “သစ္စာ၊ သူရ၊ သိပ္ပ” နဲ့ ပြည့်ဝပြီး နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထားပြု လောက်မယ့် တပ်မတော်အရာရှိကောင်းတွေဖြစ်အောင် ကြိုးစားကြပါ။ စစ်တက္ကသိုလ် ကသင်ကြားပေးလိုက် တဲ့ စာပေပညာနဲ့ စစ်ပညာတွေကို လက်တွေ့ဘဝနယ်ပယ်မှာ အကျိုးရှိရှိအသုံးချပြီး  နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေ ဖြစ်အောင်ကြိုးစားကြပါ လို့ ကျောင်းဆင်းအရာရှိတွေကို တိုက်တွန်းမှာကြားလိုက်ချင်ပါတယ်။

ဗိုလ်မှူးကြီးမင်းမင်းလတ်

(နည်းပြအရာရှိချုပ်)

ကျွန်တော်တို့ စစ်တက္ကသိုလ်ကို ရောက်ရှိလာတဲ့ ဗိုလ်လောင်းတွေကို တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက်  လိုအပ်တဲ့ လက်ရုံးရည်နဲ့ နှလုံးရည်ပြည့်ဝတဲ့ အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုတဲ့ စစ်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်နဲ့အညီ လေ့ကျင့် သင်ကြားပေးလျက်ရှိပါတယ်။ စစ်တက္ကသိုလ်ဗိုလ်လောင်းတွေဟာ ကျောင်းဆင်းပြီးတာနဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှာ ကျရာ တာဝန်ထမ်းဆောင်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် လက်ရုံးရည်၊ နှလုံးရည် ကာယအား၊ ဉာဏအားတွေ ကြံ့ခိုင်ကောင်းမွန်တဲ့ အရာရှိကောင်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုအရာရှိကောင်းတွေဖြစ်လာစေဖို့အတွက် ပထမနှစ်မှ စတုတ္ထနှစ်အထိ ၄ နှစ်တာကာလအတွင်းမှာ စစ်ပညာ၊ စာပေပညာတွေကို ခေတ်နဲ့အညီ သင်ကြားလေ့ကျင့်ပေးတဲ့ အပြင် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ၊ မြန်မာ့သိုင်းလေ့ကျင့်ခန်းတွေ ဘောလုံး၊ ဘော်လီဘော၊ လက်ဝှေ့ စတဲ့အားကစား နည်းတွေကို ကျွမ်းကျင်တဲ့နည်းပြဆရာတွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးပါတယ်။ ဒါ့အပြင် ခေါင်းဆောင်မှုဘာသာရပ်တွေ၊ အုပ်ချုပ်မှု ဘာသာရပ်တွေကိုလည်း စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး စိတ်ဓာတ် နဲ့ခံယူချက်တွေ ကောင်းမွန် စေဖို့နဲ့ မှန်ကန်စွာတွေးခေါ်မြော်မြင်တတ်စေဖို့အတွက် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ဖြစ်စဉ်ဖြစ်ရပ်တွေကို ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး  ပေါင်းစပ်လေ့လာ ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။

စည်းကမ်းထိန်းသိမ်းမှု အပိုင်းအနေနဲ့ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေဖြစ်လာမယ့် ဗိုလ်လောင်းတွေကို စစ်တက္ကသိုလ်က ထုတ်ပြန်ထားတဲ့ ပဋိညာဉ်စာတမ်းပါ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ   စာတွေ့လက်တွေ့ သင်ကြား လေ့ကျင့်ပေးခြင်းတွေကို လေ့ကျင့်ရေးတွေနဲ့အညီ စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးခြင်းတွေကို လေ့ကျင့်ရေးဌာနက နည်းပြအရာရှိတွေနဲ့   နည်းပြဆရာတွေက  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။  အုပ်ချုပ်မှုအပိုင်းအနေနဲ့ ဗိုလ်လောင်း တွေကို အထက်အောက်ရိုသေလေးစားမှုရှိအောင် စီနီယာ၊ ဂျူနီယာစနစ်နဲ့ အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲအုပ်ချုပ် တတ်စေဖို့ လေ့ကျင့်ပေးပါတယ်။ ဒါ့အပြင် ညီရင်းအစ်ကိုသဖွယ် ကြည့်ရှုစောင့်ရှောက်ထိန်းသိမ်းနိုင်စေဖို့ ဂါဒီယမ်စနစ်တွေနဲ့လည်း ကြပ်မတ် ကွပ်ကဲအုပ်ချုပ်စေလျက်ရှိပါတယ်။ ဗိုလ်လောင်းတွေကို တပ်မတော်သားဘဝကို နှစ်သက်မြတ်နိုးပြီး နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိတဲ့ အရာရှိကောင်းတွေဖြစ်စေဖို့ စနစ်တကျပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။    

ကျွန်တော်တို့ စစ်တက္ကသိုလ်မှာ စာပေပညာနဲ့စစ်ပညာတွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ စစ်ပညာအပိုင်းမှာ    စစ်နည်းဗျူဟာ ဘာသာရပ်၊ အထူးစစ်နည်းဗျူဟာဘာသာရပ်၊ ခေါင်းဆောင်မှုဘာသာရပ်၊ ကျောင်းဆင်းကွပ်ကဲမှုစာတမ်း၊  လက်နက် ငယ်/လက်နက်ကြီးဘာသာရပ်တွေကို စာတွေ့၊ လက်တွေ့ကြိုးစားအားထုတ် ဆောင်ရွက်ခဲ့တဲ့ ဗိုလ်လောင်း တစ်ဦးချင်းစီရဲ့ ရမှတ်တွေရှိပါတယ်။ ဒါ့အပြင်   ပထမနှစ်ကနေ  စတုတ္ထနှစ်အထိ စိတ်ဓာတ်စည်းကမ်း ပိုင်းရမှတ်တွေနဲ့ ဗိုလ်လောင်းအချင်းချင်း အကဲဖြတ်တဲ့ အမှတ်တွေကို နှစ်စဉ်ပြုစုထားရှိပြီး ၄ နှစ်လုံးမှာ အမှတ်အများဆုံးရရှိတဲ့ ဗိုလ်လောင်းကို လေ့ကျင့်ရေးထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။  ဒီနေ့မှာ ကျောင်းဆင်းသွားပြီး  နိုင်ငံတော်နဲ့တပ်မတော်အတွက် အားသစ်လောင်းမယ့် အရာရှိတွေ ကို မွေးထုတ်ပေး နိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူပီတိဖြစ်မိပါတယ်။ ကျောင်းဆင်းပြီး သက်ဆိုင်ရာတာဝန်အသီးသီးကို ထမ်းဆောင် ရမယ့် အရာရှိငယ်တွေကို မှာကြားလိုတာကတော့ အမိစစ်တက္ကသိုလ်က ၄ နှစ်တာလေ့ကျင့်သင်ကြားပေးခဲ့တဲ့ ပညာရပ်တွေကို မမေ့မလျော့ဘဲ လက်တွေ့နယ်ပယ်မှာ အကျိုးရှိရှိမှန်ကန်စွာ အသုံးချကြပါ။  တာဝန်ထမ်းဆောင်ပြီးတဲ့အခါ အထက်က ပေးအပ်တဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ပြီး နိုင်ငံတော်ရဲ့ဂုဏ်၊ တပ်မတော်ရဲ့ဂုဏ်၊ အမိစစ်တက္ကသိုလ်ရဲ့ဂုဏ်ကို    မြှင့်တင် နိုင်အောင်ကြိုးစားကြပါ။ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိပြီး အမျိုး၊ ဘာသာ၊ သာသနာကို ဆောင်ရွက်နိုင်တဲ့ အရာရှိကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေဖြစ်အောင် ဆက်လက်ကြိုးစားကြပါလို့ မှာကြားလိုပါတယ်။

ဗိုလ်လောင်းဖြိုးမင်း(အောင်စစ်သည်ဆု)

ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ အောင်စစ်သည်ဆုဖြစ်ပါတယ်။   ကျွန်တော့်အနေနဲ့ တပ်မတော်မှာ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ အရာရှိကောင်းတစ်ဦးဖြစ်ပြီး အမိမြန်မာနိုင်ငံတော်ကို ကာကွယ်လိုတဲ့အတွက် စစ်တက္ကသိုလ်ကို ရွေးချယ်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သင်တန်းကာလ ၄ နှစ်အတွင်းမှာ နည်းပြတွေ သင်ကြားလေ့ကျင့်ပေးတဲ့ စစ်ပညာနဲ့ စာပေပညာ ဘာသာရပ်တွေကို ဇွဲ၊ လုံ့လ ဝီရိယတို့နဲ့  အားထုတ်ကြိုးစားသင်ယူခဲ့ ရပါတယ်။ သင်တန်းကာလမှာ ကိုယ်ခန္ဓာနဲ့ စိတ်ပင်ပန်းမှုတွေ ရှိခဲ့ပေမယ့်လည်း ကျွန်တော့်အနေနဲ့ တပ်မတော်အရာရှိကောင်းတစ်ဦးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ခံယူချက်နဲ့ ကြိုးစားပြီးရင်ဆိုင် ကျော်ဖြတ်ခဲ့ပါတယ်။ ဆုတံဆိပ်ရရှိအောင်တော့ နေ့စဉ်သင်ကြားပေးတဲ့ စာပေ ပညာနဲ့စစ်ပညာတွေကို တစ်ရက်စာတစ်ရက် ရအောင် ကြိုးစားကျက်မှတ်လေ့ကျင့်သင်ကြားခဲ့ပြီး အပတ်စဉ်ဖြေဆိုရတဲ့စာမေးပွဲအသီးသီးနဲ့ လက်တွေ့လေ့ကျင့်ခန်းတွေမှာလည်း အားတက်သရော လိုက်ပါလုပ်ဆောင် ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ခံယူချက်ကတော့ နိုင်ငံတော်အပေါ် ကျရောက်မယ့် အန္တရာယ် အပေါင်းကို တပ်မတော်သားကောင်း တစ်ယောက်ပီသစွာနဲ့ ပေးအပ်လာတဲ့ တာဝန်များကိုကျေပွန်အောင် အသက်ပေးပြီး ထမ်းဆောင်သွားပါမယ်လို့ ခံယူထားပါတယ်။ ညီငယ်ဗိုလ်လောင်းများကို မိမိရဲ့အတွေ့အကြုံကောင်းများ ပြောပြချင်ပါတယ်။ အမိစစ်တက္ကသိုလ်ကြီးက ချမှတ်ထားတဲ့ ကောင်းမွန်တဲ့စည်းကမ်းတွေကို တိကျစွာလိုက်နာပြီး လေ့ကျင့်သင်ကြားပေးနေတဲ့  စစ်ပညာ၊  စာပေပညာများကို ကြိုးစားအားထုတ်ရင်း အမိစစ်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်အတိုင်း   လက်ရုံးရည်၊နှလုံးရည်နဲ့ပြည့်စုံတဲ့  အရာရှိကောင်းများဖြစ်အောင် ကြိုးစားကြပါလို့မှာချင်ပါတယ်။            

ဗိုလ်လောင်းအောင်နန္ဒ (လေ့ကျင့်ရေးထူးချွန်ဆု)

ကျွန်တော်ကတော့ လေ့ကျင့်ရေးထူးချွန်ဆု ရရှိခဲ့ပါတယ်။ အခုလိုရရှိတာက ကျွန်တော့်ရဲ့စီနီယာအစ်ကို ဗိုလ်လောင်းများ၊ နည်းပြ အရာရှိများနှင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုနှင့် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တာပါ။ စစ်တက္ကသိုလ်မှာ စာပေပညာနှင့် စစ်ပညာများကို တစ်နှစ်တာ ပညာသင်နှစ်အလိုက် လအလိုက် ခွဲထားပါတယ်။ တစ်ခါတလေ စာပေသင်တန်း ကာလမှာ   စစ်ပညာစာမေးပွဲများ ဖြေရတတ်ပါတယ်။ ကျွန်တော်က စစ်ပညာသင်ကာလမှ သင်ကြားပေးတဲ့ တစ်နေ့စာစစ်ဗျူဟာ သင်ခန်းစာများကို ကျက်မှတ်ခြင်း၊ လေ့လာခြင်းနှင့် အားလပ်ချိန်များတွင် မရသေးသောသင်ခန်းစာများအား လေ့လာမှတ်သားခြင်း များ ပြုလုပ်ခဲ့ပါတယ်။ နည်းပြဆရာများ သင်ကြားပြသပေးသည့်အချိန်များတွင်လည်း   စိတ်ပါဝင်စားစွာ   ဂရုတစိုက် မှတ်သားသည့် အတွက် သင်ခန်းစာကျက်မှတ်ရာတွင်လည်း အထောက်အကူဖြစ်စေခဲ့ပါတယ်။ လက်တွေ့သင်ခန်းစာချိန်များတွင်လည်း သင်ခန်းစာ နှင့်ပတ်သက်၍ နားမလည်ပါက နည်းပြဆရာများအား သွားရောက်မေးမြန်းခြင်း၊ ဆွေးနွေးခြင်းနှင့် တက်ကြွစွာ ပါဝင်လုပ် ဆောင်ခြင်းများ  ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်ဗိုလ်လောင်းသင်တန်း  စတင်တက်ရောက်ချိန်ကတည်းက သင်တန်းပြီးဆုံးချိန်တွင် ထူးချွန်ဆု တစ်ခုခုရရှိအောင် ပြုလုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ထားရှိပြီး ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါတယ်။  အမိစစ်တက္ကသိုလ်ကျောင်းတော်ကြီးမှာ ပညာသင်ယူခွင့်ရရှိခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ ကျေနပ်ဝမ်းသာဖြစ်မိပါတယ်။  သင်တန်း တက်ရောက်သည့် ၄ နှစ်တာကာလအတွင်း သင်ယူခွင့်ရခဲ့သည့်စာတွေ့၊လက်တွေ့သင်ခန်းစာများဖြင့် လက်တွေ့နယ် ပယ်မှာ တိုင်းပြည်နဲ့ လူမျိုး၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ခွင့်ရမည့် အရာရှိငယ်တစ်ဦးဖြစ်တော့မယ့်အတွက်    များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်ခဲ့သည့် မြန်မာ့တပ်မတော်ရဲ့ အစဉ်အလာ ကောင်းများကို ဆက်လက်စောင့်ထိန်း၍ အထက်က ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး တိုင်းပြည်နဲ့ တပ်မတော်အပေါ် အကျိုးပြုထမ်းဆောင်သွားမယ်လို့ ခံယူထားပါတယ်။

ဗိုလ်လောင်းတေဇ (စာပေထူးချွန်ဆု-ဝိဇ္ဇာ)

ကျွန်တော်ကတော့ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ဆုရရှိတဲ့သူပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ စာပေသင်တန်းကာလမှာ နေ့စဉ်သင်ပေးတဲ့ စာတွေကို နေ့စဉ် ပုံမှန်ကြိုးစားလေ့လာမှတ်သားခဲ့ပါတယ်။ စာပေသင်တန်းကာလအတွင်း စစ်ပညာဘာသာရပ်တွေကို ဖြေရတဲ့အခါ မျိုးရှိပါတယ်။ အဲ့ဒီလိုအချိန်ကျရင် ညစာကြည့်ချိန် နှစ်နာရီမှာ တစ်နာရီစီခွဲပြီးလေ့လာပါတယ်။ စစ်ပညာစာမေးပွဲအတွက် စာတွေရ သွားရင် စာပေပညာဘာသာရပ်ကို  လေ့လာပါတယ်။ မအားလပ်တဲ့ကြားက အချိန်ရရင် ရသလို လေ့လာမှတ်သားခဲ့ရပါတယ်။ လေ့ကျင့်သင်ကြားပေးတဲ့ နည်းပြအရာရှိတွေ ဆရာ၊ ဆရာမတွေနဲ့ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဗိုလ်လောင်းကာလတစ်လျှောက်မှာ ကျွန်တော့်ကို စစ်တက္ကသိုလ် ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာတွေ၊ စီနီယာဗိုလ်လောင်းတွေရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကျွန်တော်အများကြီး ပြောင်းလဲခဲ့ပါ တယ်။ ကျွန်တော့်အနေနဲ့ ၄ နှစ်တာကာလအတွင်း နည်းပြတွေသင်ကြားပေးတဲ့ စာပေပညာ၊ စစ်ပညာတွေကို ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ဝမ်းသာပီတိစကားကတော့ မိဘတွေအတွက် ဂုဏ်ယူရတဲ့သား တစ်ယောက်ဖြစ်လို့ ဝမ်းသာမိပါတယ်။ နည်းပြများရဲ့ ဝမ်းသာပီတိဖြစ်တဲ့အပေါ်မှာလည်း အလွန်ပင် ဝမ်းသာပီတိဖြစ်ရပါတယ်။  အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်လို့ ဖြေချင်ပါတယ်။

ဗိုလ်လောင်း ဟိန်းဘိုဘိုအောင် (စာပေထူးချွန်ဆု-သိပ္ပံ)

ကျွန်တော်ကတော့ စာပေထူးချွန်ဆု(သိပ္ပံ)ကို ရရှိခဲ့ပါတယ်။ အခုလို ထူးချွန်တဲ့သူဖြစ်အောင် စာပေသင်တန်းကာလမှာ နေ့စဉ် သင်ပေးတဲ့ စာတွေကို နေ့စဉ်ပုံမှန်ကြိုးစားလေ့လာမှတ်သားခဲ့ပါတယ်။ စာပေသင်တန်းကာလအတွင်း  လက်တွေ့ စာမေးပွဲများ ဖြေဆိုမှုများရှိသလို ရေးဖြေစာမေးပွဲများလည်း ရှိပါတယ်။ ဒါ့အပြင် စစ်ပညာဘာသာရပ်များလည်း သင်ကြားဖြေဆိုမှုများ လည်းရှိသည့်အတွက် အခက်အခဲအနည်းငယ်တော့ရှိပါတယ်။ မရှင်းလင်းတဲ့ဘာသာရပ်များကို နည်းပြဆရာ၊ ဆရာမများထံ မေးမြန်းပြီး လေ့လာသင်ယူရသလို ပြင်ပဗဟုသုတများကိုလည်း   လေ့လာဆည်းပူးခဲ့ပါတယ်။ ကိုယ်ပိုင်အားလပ်ချိန်မှာလည်း စာပေ ပညာ(သိပ္ပံ)နှင့် သက်ဆိုင်သည့်ဘာသာရပ်များကို  ကျောင်းစာကြည့်တိုက်မှာ ရှာဖွေကိုးကားပြီး ထပ်မံလေ့လာပြင်ဆင်ရပါတယ်။ စာပေသင်ကြားပို့ချချိန်မှာလည်း ဂရုစိုက်လေ့လာ မှတ်သားပြီး တစ်နေ့စာတစ်နေ့ အလေးထားကြိုးစားခဲ့တာကြောင့်   ဒီဆုကိုရရှိခဲ့ တယ်လို့ သုံးသပ်ထင်မြင်မိပါတယ်။ ဗိုလ်လောင်းကာလတစ်လျှောက်မှာ ရရှိခဲ့တဲ့အတွေ့အကြုံများကတော့  အမိစစ်တက္ကသိုလ် ကြီးက စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာတွေသာမက စီနီယာဗိုလ်လောင်းတွေရဲ့ သွန်သင်ဆုံးမမှုများ၊ နည်းပြတွေ သင်ကြားပေးတဲ့ စစ်ပညာ၊ စာပေပညာများကြောင့် ဘဝတစ်သက်တာလုံးစာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်း များစွာရရှိခဲ့သည့်အပြင် နိုင်ငံတော်အတွက် အားထားရတဲ့ တပ်မတော်အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကျောင်းတော်ကြီး လည်းဖြစ်ပါတယ်။ လူပေါင်းများစွာထဲမှာ လူတိုင်းမရနိုင်တဲ့ဆုကို  ရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။

ဗိုလ်လောင်းအာကာဇော်ဝင်း (စာပေထူးချွန်ဆု-ကွန်ပျူတာ)

ကျွန်တော်ရရှိခဲ့တဲ့ဆုကတော့ စာပေထူးချွန်ဆု(ကွန်ပျူတာ) ဖြစ်ပါတယ်။ အခုလို ထူးချွန်တဲ့သူဖြစ်အောင် လေးနှစ်တာ သင်တန်း ကာလအတွင်းမှာ တော်တော်လေးကြိုးစားခဲ့ရပါတယ်။ သင်တန်းကာလအတွင်း ပင်ပန်းမှုတွေ၊ ခက်ခဲမှုတွေကိုလည်း များစွာ ကြုံတွေ့ခဲ့ရပါတယ်။ သင်တန်းမှာ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဆုရရှိအောင် ကြိုးစားမယ်လို့ သင်တန်းစတက်ကတည်းက ရည်မှန်းချက် ထားရှိပြီး ကြိုးစားခဲ့ပါတယ်။ သင်တန်းကာလအတွင်းမှာ စာပေပညာ၊ စစ်ပညာဆိုပြီး ၂ ပိုင်း ရှိပါတယ်။ အဓိကတော့ နည်းပြဆရာ၊ ဆရာမတွေရဲ့ နေ့စဉ်သင်ကြားပေးတဲ့သင်ခန်းစာများကို နေ့စဉ်ဂရုတစိုက်   လေ့လာမှတ်သားပြီး စာကြည့်ချိန်မှာ အချိန်ပိုင်းခွဲပြီး ကျက်မှတ်ခဲ့ရပါတယ်။ ဒီလိုထူးချွန်သူဖြစ်အောင် သင်တန်းကာလတစ်လျှောက်လုံး လေ့ကျင့်သင်ကြားပေးတဲ့ နည်းပြ အရာရှိတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကျွန်တော့်ရဲ့လိုက်ပါကြိုးစားအားထုတ်မှုကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်လို့   သုံးသပ်ထင်မြင် မိပါတယ်။ ကျွန်တော် အမိစစ်တက္ကသိုလ်သို့ စတင်ရောက်ရှိချိန်အပြင် အရပ်သားဘဝမှ ဗိုလ်လောင်းသင်တန်းသား ဘဝကူးပြောင်း ချိန်ကစပြီး အတွေ့အကြုံကောင်းများကို ဗိုလ်လောင်းသင်တန်းကာလတစ်လျှောက်လုံးမှာ သင်ကြားပေးလိုက်တဲ့ အမိစစ် တက္ကသိုလ် ကျောင်းတော်ကြီးက စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ စည်းကမ်းပိုင်းဆိုင်ရာတွေ၊ စီနီယာဗိုလ်လောင်းတွေရဲ့ သွန်သင်ဆုံးမမှု အောက်မှာ ကျွန်တော်အများကြီး ပြောင်းလဲခဲ့ပါတယ်။  ၄ နှစ်တာသင်တန်းကာလတစ်လျှောက်လုံး ပင်ပန်းခက်ခဲမှုတွေရှိခဲ့သလို ကျောင်းတော်ကြီးရဲ့ စီနီယာ၊ ဂျူနီယာအစဉ်အလာကောင်းများကို တွေ့ကြုံသင်ယူခဲ့ရပါတယ်။ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းသားဘဝမှာ နေ့စဉ်လုပ်ဆောင်ရတာကို    ကျွန်တော်အားတက်သရော စိတ်ဓာတ်ခွန်အားထည့်ပြီး လုပ်ကိုင်ခဲ့ ပါတယ်။ ၄ နှစ်တာကာလအတွင်း နည်းပြများသင်ကြားပေးတဲ့ စာပေပညာ၊ စစ်ပညာတွေကို ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး ကြိုးစားအား ထုတ်ခဲ့သည့်အပြင် သွန်သင်ဆုံးမမှုတွေကိုလည်း  တစ်သဝေမတိမ်း အမြဲတမ်း လိုက်ပါလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ယခုလို ထူးချွန်ပြီး ဆုရရှိတာကိုလည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါ တယ်။ နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးရမယ့် အရာရှိတစ်ယောက်ဖြစ်လာလို့လည်းဂုဏ်ယူမိပါတယ်။

ဗိုလ်လောင်းရှန်လျံထန်း

(ချင်းတိုင်းရင်းသား)

ကျွန်တော်ကတော့   စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ကနေ တက် ရောက်ခဲ့ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ချင်တဲ့စိတ်၊ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ချင်တဲ့စိတ်နဲ့ တက်ရောက်ခဲ့ပါတယ်။    စစ်တက္ကသိုလ် မရောက်ခင်တုန်းက အားနည်းမှုတွေ အများကြီးရှိခဲ့တယ်။  အထူးသဖြင့်  ဗဟုသုတပိုင်းမှာ သိသာပါတယ်။ စစ်တက္ကသိုလ်ကို အနယ်နယ်အရပ်ရပ်ကနေ လာကြတဲ့သူငယ်ချင်းတွေ၊ နောင်တော်ဗိုလ်လောင်းတွေ၊   ညီငယ်ဗိုလ်လောင်းတွေကို တွေ့ရတဲ့အခါ မတူတဲ့ ရိုးရာဓလေ့တွေ၊ နယ်မြေဒေသ အခြေအနေတွေကို သိရခြင်းကြောင့် ဗဟုသုတများစွာရရှိပါတယ်။  စိတ်ဓာတ်နဲ့ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအပိုင်းမှာလည်း အများကြီးပြောင်းလဲခဲ့ပါတယ်။ စစ်တက္ကသိုလ် စတက်ရောက်စဉ် လုပ်ငန်းသဘော သဘာ၀နားမလည်တာတွေရှိပါတယ်။ အဲဒီနားမလည်တဲ့အရာတွေကို နည်းပြအရာရှိ၊ နောင်တော်ဗိုလ်လောင်းတွေရဲ့ သင်ကြားပေးမှု ကြောင့်  ၄  နှစ်တာကာလကို  အဆင်ပြေပြေ ချောမွေ့စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားကိုးအားထား ရတဲ့ အရာရှိကောင်းတစ်ဦးအဖြစ် ကျင့်ကြံနေထိုင်ပြီး တပ်မတော်နဲ့ ပြည်သူ့အကျိုးအတွက် ပေးအပ်လာတဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားပါမယ်လို့ ကတိသစ္စာ ခံယူထားပါတယ်။   ။

နိုင်ထွန်း၊ အောင်ပြည့်စိုး